နမ့်ဆန်   ၂၆     ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ (၈၉၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

နမ့်ဆန်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစလိုင်းပီတာလျန်းက “မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်စာပေးပွဲတွင် နမ့်ဆန်မြို့နယ်အတွင်း အတွဲ(၁)ဖြစ်သည့် ဓါတုဗေဒ၊ ရူပဗေဒ၊ ဘာသာရပ်တွင် (၆၄၀) ဦး၊ အတွဲ(၂)ဖြစ်သည့် ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွင် (၁၅၀)ဦး၊ အတွဲ(၃) ဖြစ်သည့် ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွင် (၁၀၅)ဦး စုစုပေါင်း (၈၉၅)ဦးခန့်ရှိပြီး စာစစ်ဌာနကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုခွင့် ကတ်များကို စာစစ်ဌာဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများ၌ ဖေဖော်ဝါရီ (၂၄) ရက်နေ့တွင် စတင်၍ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် ယာဉ်အန္တရာကင်းရှင်းရေး၊ လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များတို့က စာစစ်ဌာနများသို့ သွားရောက်၍ တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)