မြိတ် ၂၆ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသော ကမ်းဝေးငါးဖမ်းရေယာဉ်များကို တနင်္သာရီတိုင်းဒေသကြီး ငါးဖမ်းရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးစင်တာ မြိတ်မြို့မှ အခြေပြုပြီး ထိန်းချုပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစင်တာကို (၃)ထပ်အဆောက်အဦအဖြစ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြိတ်မြို့တွင် စတင်တည်ဆောက်လျက်ရှိကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး စင်တာကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင် ယာယီရုံးခန်းဖွင့်လှစ်ထားရှိကာ ဝန်ထမ်း(၂)ဦးမှ ကမ်းဝေးငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ကမ်းဝေးငါးဖမ်းရေယာဉ်(၁၄၁၄)စီးနှင့် ကမ်းဝေးငါးသယ်ရေယာဉ် (၁၁၆)စီးကို ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ (VMS - Vessel Monitoring Syetem) တပ်ဆင်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း၊ VMS တပ်ဆင်ပြီး စစ်ဆေးရေးစင်တာမှ စစ်ဆေးအရေးယူတာ မရှိသေးသော်လည်း သတိပေးခံရသော ရေယာဉ်အချို့ရှိကြောင်း၊ ပုံမှန်အားဖြင့်စစ်ဆေးအရေးယူသော ငါးဖမ်းလှေတချို့ရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ကမ်းဝေးငါးဖမ်းရေယာဉ်တွေအားလုံးဟာ ဥပဒေအရခွင့်ပြုထားတဲ့ ငါးလုပ်ငန်းရေပြင်မှာ ဖမ်းဆီးနေတာလား၊ ဥပဒေဖောက်ဖျက်ကျူးလွန်နေတာလားဆိုတာကို စစ်ဆေးရေးစင်တာကနေပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပဒေနှင့်အညီခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း ဥပဒေနှင့်အညီ ဖွဲ့စည်းထားတဲ့ စစ်ဆေးရေး ချက်ပွိုင့်တွေမှာ ဝင်ရောက်စစ်ဆေးခံပြီးတော့ သတ်မှတ်တဲ့ ဆိပ်ကမ်းကို ထွက်ခွာသွားခြင်းရှိမရှိ စနစ်တကျ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် တရားမဝင် ငါးဖမ်းဆီမှု တရားမဝင် ငါးသယ်ယူပို့ဆောင်မှုတွေကို ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းက ပြောသည်။
တနင်္သာရီကမ်းရိုးတန်းသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း (၃)ခုအနက် အရှည်ဆုံးကမ်းရိုးတန်း တစ်ခုဖြစ်၍ ကမ်းရိုးတန်း မိုင်၂၀ဝ (1200)km ရှည်လျားသည်။ ကမ်းရိုးတန်း ရေပြင်တွင် ကမ်းဝေးငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေသည့် ကမ်းဝေးငါးဖမ်းရေယာဉ်နှင့် ငါးသယ်ရေယာဉ် စီးရေ (၁၅၃၀) ရှိကာ ကမ်းဝေးရေလုပ်သား (၄၇၀ဝ၀) ကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


