မန္တလေး ၂၆ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူး၍ ဒသမအကြိမ် တိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ တိုင်းရင်းဆေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
မြန်မာ့တိုင်းရင်းဆေး ပညာရပ်များအား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ နိုင်ငံတကာစံနှုန်း များနှင့် ကိုက်ညီမည့် သက်သေအထောက်အထားပြု ဆေးပညာအဖြစ်သို့ ပြောင်းလဲတိုးတက်လာ စေရန်၊ ပြည်သူလူထု၏ အဓိက ကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးသစ်နှင့် ဆေးဝါးသစ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေး ကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပေါ်ထွက်လာရေး အားပေးချီးမြှင့်ရန်၊ Research Culture တိုးတက်ဖွံ့ဖြိုးလာရေး တိုင်းရင်းဆေး သုတေသန လုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများစဉ်ဆက် မပြတ်ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်သည်။
စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသူများက နဝရတ် ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က တိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခေတ္တဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြသထားသော တိုင်းရင်းဆေး သုတေသန ပိုစတာများအား ကြည့်ရှုရာ ပိုစတာစာတမ်းရှင်များက အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
တိုင်းရင်းဆေး တက္ကသိုလ်မန္တလေးတွင်ကျင်းပသည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာ တမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၇ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများနှင့် သိပံသုတေသနစာတမ်းများ စာတမ်း ၂၁ စောင်၊ ပိုစတာ စာတမ်း ၅ စောင်တို့ကို ဖတ်ကြားကြမည်ဖြစ်ပြီး အကောင်းဆုံးစာတမ်းနှင့် ပိုစတာဆုတို့ကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေး တက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း(ဗဟို)၊ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ နှီးနွယ်ပညာရှင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကိုယ်စားလှယ်များ၊ စာတမ်းပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထိပ်ထားနိုင်


