မော်လမြိုင် ၂၆ ဖေဖော်ဝါရီ
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)တွင် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူတည်ဆောက် မည့် Hospitality and Catering Training Center (HCTC) တည်ဆောက်ရေးလုပ်ငန်း၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ကြာအင်းစံပြကျေးရွာရှေ့ရှိ အဆိုပါ ကျောင်းဝင်းတွင်း၌ ကျင်းပသည်။
ပန္နက်တော်တင်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပန္နက်တိုင် (၁)ကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိက ပန္နက်တိုင်(၂)ကိုလည်းကောင်း၊ ပန္နက်တိုင် (၃/၄/၅/၆/၇/၈/၉) ကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့ကလည်းကောင်း အသီးသီး ပန္နက်တော်စိုက်ထူကြပြီး ပန္နက်တိုင်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)၏ Hospitality and Catering Training Center (HCTC)တည်ဆောက်ရေးလုပ်ငန်းတွင် အုပ်ချုပ်မှုဆောင် ၅၀x ၃၆ ပေ(RCC) တစ်ထပ် ဆောင်တစ်ဆောင်၊ သင်ကြားရေးဆောင် ၈၈ x ၄၄ ပေ(RCC)နှစ်ထပ်ဆောင်တစ်ဆောင်၊ အထွေထွေသုံး ခန်းမဆောင် ၆၀x ၅၀ ပေ(RCC)တစ်ထပ်ဆောင်တစ်ဆောင်၊ Kitchen Theatre ၃၆x၄၈ပေ(RCC)တစ်ထပ် ဆောင်တစ်ဆောင်နှင့် လက်တွေ့သင်ကြားရေးဆောင် ၁၅၆ x ၄၀ ပေ(RCC) နှစ်ထပ်ဆောင်တစ်ဆောင် တို့ကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)


