နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများအတွက် အရည်အသွေးပိုမိုပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဘွဲ့လွန်ဆေးပညာရှင်များကို မွေးထုတ်ပေးရာတွင် ခေတ်နှင့်အညီ သင့်လျော်သည့် စနစ်ဖြင့် ဆောင်ရွက်ရန်အတွက် ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် အရေးကြီးပါကြောင်း၊ ဘွဲ့လွန်သင်တန်း ဝင်ခွင့်ရွေးချယ်မှုများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိ၊ သမာသမတ်ကျစွာဖြင့် မျှတမှုရှိစေရေး အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သွားလာရခက်ခဲ ဒေသများနှင့် ဝေးလံခေါင်သီဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင်ပြုလုပ်သည့် မွမ်းမံသင်တန်းများ၊ ဘွဲ့လွန်ဝင်ခွင့် အထောက်အကူပြု သင်တန်းများနှင့် ပြည်တွင်း၌ပြုလုပ်သော နိုင်ငံတကာညီလာခံတို့ကို တက်ရောက်ခွင့်၊ ပါမောက္ခကြီးများနှင့် အထူးကုဆရာဝန်များ၏ လုပ်ငန်းခွင်တွင် အနီးကပ်သင်ကြားပေးမှုနှင့် နိုင်ငံတကာမှ ဆေးပညာရှင်များမှ ပြည်တွင်းသို့ လာရောက်ခွဲစိတ်မှု၊ ကုသမှု စသည့် လက်တွေ့သင်ကြားမှု အခွင့်အရေးများ ရရှိရန်မှာ နည်းပါးပါးကြောင်း။

အဆိုပါဝန်ထမ်းများသည် နေထိုင်မှုစားသောက်မှု အခက်အခဲများကြားမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရင်း ၎င်းတို့၏ ရည်မှန်းချက် ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ရရှိရန် ကြိုးပမ်းမှုများအပေါ် တန်ဖိုးထား၍ အလေးထား စဉ်းစားပေးကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းများ ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ဖြေဆိုရာတွင် မျှတမှုရှိစေရေးကို အလေးအနက်ထား ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။

ဘွဲ့လွန်သင်တန်းဝင်ခွင့်မေးခွန်းများတွင်လည်း ဘွဲ့လွန်သင်တန်း ဝင်ခွင့်အတွက် စစ်ဆေးခြင်းသာဖြစ်ပြီး ဘွဲ့လွန်ရရှိပြီးသူများကို စစ်ဆေးခြင်း မဟုတ်သည်ကိုလည်း သတိပြုစေလိုပါကြောင်း၊ သို့ဖြစ်၍ ဝင်ခွင့်ရွေးချယ်ရာတွင် သက်ဆိုင်ရာဘာသာရပ်အား ဓမ္မဓိဋ္ဌာန်ကျသည့် မေးခွန်းများဖြင့် ယေဘုယျအခြေခံ သဘောတရားနှင့် အချက်အလက်များကို နားလည်ကျွမ်းကျင်မှုနှင့် စဉ်းစားတွေးခေါ် တတ်မှုတို့ကို အဓိကထားစစ်ဆေးခြင်းကို ပြုလုပ်စေလိုပြီး ဘွဲ့လွန်ရရှိထားပြီးမှသာ ဖြေဆိုနိုင်မည့် ခက်ခဲသော အဆင့်မြင့်အကြောင်း အရာများကို မစစ်ဆေးစေလိုပါကြောင်း။

ပညာရပ်ကျွမ်းကျင်မှုပိုင်း တစ်ခုတည်းသာမကြည့်ဘဲ ဘွဲ့လွန်ရရှိပြီးနောက် ပြည်သူများအားကျန်းမာရေး စောင့်ရှောက်ပေးမည့် ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်မည့်သူများကို ရွေးချယ်စေလိုပါကြောင်း၊ မိမိအနေဖြင့် ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းပုံစံကိုလည်း ယခုနှစ်တွင် ပြောင်းလဲဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းကို တစ်နှစ်လျှင် (၃)ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး (၁)ကြိမ်အောင်မြင် ထားလျှင် (၃)နှစ်အတွင်း နောက်တစ်ကြိမ် ထပ်မံဖြေဆိုစရာမလိုဘဲ ဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင့် ဆေးပညာ နှီးနွှယ်ဘာသာရပ်ကိုသာ ဖြေဆိုရမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာကို အလုပ်ဝင်ပြီးနောက် လုပ်သက်နှစ် စောင့်ဆိုင်းစရာ မလိုဘဲ ဖြေဆိုထားနိုင်မည်ဖြစ်ပါကြောင်း။

ဆေးနှင့် ဆေးပညာ နှီးနွှယ်ဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ခွင့်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရေအတွက်၊ လစ်လပ်နေမှု၊ အငြိမ်းစားယူမည့်အရေအတွက်၊ နုတ်ထွက်မည့် အရေအတွက်များနှင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများကိုပါ ဘက်စုံစဉ်းစား ချိန်ကိုက်ကာ လိုအပ်မှုများပြားသော ဘာသာရပ်များအတွက် ပိုမိုတိုးမြှင့်ခေါ်ယူ မွေးထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်း တက်ရောက်စဉ်ကာလအတွင်း ဘွဲ့လွန်အဆင့်နှင့် ထိုက်တန်သည့် ကြိုးစားအားထုတ်မှု၊ တတ်ကျွမ်းမှုများကို ကြပ်မတ်စစ်ဆေးရမည်ဖြစ်ပြီး ဘွဲ့လွန်ရထိုက်သည့် အရည်အသွေးရှိသူများကိုသာ ဘွဲ့ပေးရန်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်း တက်ရောက်စဉ်ကာလအတွင်း မိမိကိုယ်တိုင်လေ့လာသင်ယူမှု (self-learning) အလေ့အကျင့်၊ ကျင့်ဝတ်များညီညွတ်မှု၊ ပညာရပ်ပိုင်းကျွမ်းကျင်မှု၊ သုတေသနဆောင်ရွက်မှု အလေ့အကျင့်၊ နှီးနွှယ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု၊ အပြုသဘောအမြင်ရှိမှု၊ ရှေ့သို့မျှော်တွေးစဉ်းစားတတ်မှု၊ အဖွဲ့အစည်း စိတ်ဓာတ်ရှိမှု စသည့် အရည်အသွေးများရရှိစေရေး သင်ကြားလေ့ကျင့် ပေးစေလိုပါကြောင်း။

ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် သုတေသနသင်တန်းများကို မဖြစ်မနေ (compulsory)  တက်ရောက်စေမည်ဖြစ်ပါကြောင်း၊ ကုသရေးဆေးဘာသာရပ်များတွင် ပြည်သူ့ကျန်းမာရေး အခြေခံသဘောတရားများကိုလည်း ထည့်သွင်းသင်ကြား ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် ဘဏ္ဍာငွေများ သိသာထင်ရှားစွာ တိုးမြှင့်ချထားပေးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဘဏ္ဍာငွေခွဲဝေလျာထားမှုများ ဆောင်ရွက်ထားရှိစေလိုပါကြောင်း။

ဝန်ကြီးဌာနမှ (၁၉၆၄) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ဒီပလိုမာဘွဲ့ရရှိသူ (၃၅၅၅) ဦး၊ ဆေးပညာ မဟာဘွဲ့ရရှိသူ (၉၉၁၄) ဦး၊ ပါရဂူဘွဲ့ရရှိသူ (၂၉၇) ဦးနှင့် ဆေးလက်တွေ့ ပါရဂူဘွဲ့ရရှိသူ (၉၉၄) ဦးတို့ကို မွေးထုတ်ခဲ့ပြီး (၂၀၂၀) ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း (၁၄) ခု၊ ဆေးပညာမဟာ သိပ္ပံသင်တန်း (၅၈) ခု၊ ပါရဂူဘွဲ့သင်တန်း (၁၅) ခု၊ ဆေးလက်တွေ့ ပါရဂူဘွဲ့သင်တန်း (၄၉) ခု စုစုပေါင်း ဘွဲ့လွန်သင်တန်း (၁၃၆) ခုကို ဖွင့်လှစ်ထားရှိသည်ကို သိရှိရပါကြောင်း။

နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအနာဂတ်ကို ပုံဖော်ဆောင်ရွက်မည့် ဆေးနှင့် ဆေးနှီးနွှယ် ပညာရပ် ဘွဲ့လွန်ပညာရှင်ကောင်းများကို မွေးထုတ်ပေးရန်အတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ သမားရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သော အမြင်များဖြင့် စဉ်းစားကာ ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နှီးနှောဖလှယ်ပွဲတွင် ဘွဲ့လွန်ဝင်ခွင့် ရွေးချယ်ရေး သတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များ၊ စစ်ဆေးမည့်ပုံစံများ၊ ပုဂ္ဂလိကဆရာဝန်များအတွက် ဘွဲ့လွန်သင်တန်းများ စသည်တို့ကို ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ မဟာဘွဲ့သင်တန်းပြီးနောက် ပုံစံကျကြပ်မတ်သင်ကြားခြင်း၊ ဆေးပညာပါရဂူဘွဲ့နှင့် fellowship သင်ကြားမှုပုံစံ၊ ဘွဲ့လွန်သင်တန်းတွင် သုတေသန သင်ကြားမှု၊ ဘွဲ့လွန်သင်ကြားရေးကိစ္စရပ်များ ပိုမိုတိုးတက်ရေး စသည့် အကြောင်းအရာ ခေါင်းစဉ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သည်။ 

သတင်းစဉ်