ကောလင်း ၂၆ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ဒေသခိုင်းနွားမျိုး၊ နို့စားနွားမျိုးများနှင့် အသားစားနွားမျိုးများတွင် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခုလို မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခိုင်းနွားရှားပါးမှုကို အစားထိုးဖြည့်တင်းနိုင်ရန်၊ စားသုံးသူများအတွက် အသားထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန်နှင့် နို့နှင့် နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဆန်းညွှန်လွင်က ရှင်းလင်းပြောကြားသည်။

 

“ကျွန်တော်တို့ဒေသမှာ ယခင်ကဆို အိမ်ထောင်စုတစ်စုလျှင် နွားအကောင်ရေ အနည်းဆုံး ၅ ကောင်အထိ မွေးမြူကြပြီး ယခုဆိုလျှင် အိမ်ထောင်စုတစ်စုလျှင် ခိုင်းနွားတစ်ရှဉ်း(၂ကောင်)သာ မွေးမြူကြသဖြင့် ဒေသခိုင်းနွားမျိုးများ ရှားပါးလာကာ ခိုင်းနွား မျိုးကောင်းမျိုးသန့်များရရှိရန် ခက်ခဲလျက်ရှိပါတယ်။ ယခုလို ကျေးရွာအရောက် မေထုန်မဲ့ သားစပ်ပေးသည့်အတွက် ဒေသခံပြည်သူများ ပိုမိုအဆင်ပြေလျက်ရှိပါတယ်”ဟု  ကျောက္ကာကျေးရွာနေ ဦးထွန်းလင်းမှ ပြောသည်။

 

မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ ဒေသနွားအကောင်ရေ ၂၄၁ ကောင်ကို ပြာစိမ်း၊ ရွှေနီ၊ နို့စားနွားမျိုးတို့အား သားစပ်ခြင်းလုပ်ငန်းကို ကျေးရွာပေါင်း ၅၀ ကျော်တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကောလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)