လွိုင်ကော် ၂၆ ဖေဖော်ဝါရီ
ကယားပြည်နယ်အတွင်း BBC Media Action မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်တွင် ကယားပြည်နယ်၌ ပြုလုပ်မည့် ရေကြည်ရာ ရွှေ့ပြောင်းသွားလာခြင်းနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ TV အစီအစဉ် ရိုက်ကူးရေး ဆောင်ရွက်မည့် အခြေအနေများအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား လာရောက် ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် BBC Media Action မှ တာဝန်ရှိသူ ဒေါ်ဆုမြတ်မွန်က ရေကြည်ရာအစီအစဉ် ရိုက်ကူးမှုတွင် တက်ရောက်ဆွေးနွေးမည့်သူများနှင့် အစီအစဉ်တွင်ပါဝင်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ ရိုက်ကူးရေး ပြုလုပ်ဆောင်ရွက်လိုသည့် နေရာများအားလည်းကောင်း၊ ဆွေးနွေးမည့် အကြောင်းအရာများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသောအခက်အခဲများ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သတင်းအချက်အလက်များ ပေးဝေရာတွင် ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာမျိုးကို ပေးစေလိုပြီး တစ်ဖက်စွန်းရောက်သည့် အခြေအနေချပြမှု မပြုမိစေရန် သတိချပ်စေလိုကြောင်း၊ ရိုက်ကူးရေးဆောင်ရွက်ရာတွင် ပြည်နယ်အတွက် အမှန်တကယ် အကျိုးရှိပြီး အမှန်လိုအပ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍအတွက် ဆွေးနွေးရိုက်ကူးစေလိုကြောင်း၊ ရိုက်ကူးရေးအစီအစဉ်တွင် ဖိတ်ကြားမည့် သူများအနေဖြင့်လည်း အမှန်တကယ် တက်ရောက်သင့်သည့် ပုဂ္ဂိုလ်များကို တက်ရောက်စေလိုပြီး ကယားပြည်နယ်မှ သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရရှိရေး စီမံရန်လိုကြောင်း၊ ရိုက်ကူးရေးအစီအစဉ်၏ ရည်ရွယ်ချက်များ ပေါက်မြောက်ပေါ်လွင်ရန်လိုအပ်ပြီး ရိုက်ကူးမည့် နေရာအား ကန်ခုနစ်ဆင့်တွင် ဆောင်ရွက်ရန်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ BBC Media Action မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလေး


