ခင်ဦး ၂၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သမိုင်းဝင်အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို တပေါင်းလဆန်း (၁၀)ရက်မှ တပေါင်းလပြည့်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီဟတောရွှေဆင်းတုတော်မြတ်ကို တပေါင်းလဆန်း (၇)ရက်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရွှေကျီးမြင်ဘုရားမှ ကျောက်မြောင်းမြို့သို့ ပင့်ဆောင်၍ နွယ်ညိမ်းရပ်၊ ဓမ္မရက္ခိတလက်ရွေးကျောင်းတွင် တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်ပြီး တပေါင်းလဆန်း (၈)ရက်တွင် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့သို့ ပင့်ဆောင်၍ ရွှေတန်ဆာဘုရားတွင် တစ်ညတာကိန်းဝပ် အပူဇော်ခံမည်ဖြစ်ကြောင်း၊ တပေါင်းလဆန်း (၉)ရက်တွင် ရွှေဘိုမြို့မှ ရေဦးမြို့သို့ ပင့်ဆောင်၍ ရေဦးမြို့တွင်း၌ လှည့်လည်အပူဇော်ခံပြီး ခင်ဦးမြို့သို့ ဆက်လက်ပင့်ဆောင်ကာ ခင်ဉီးမြို့လယ်ဓမ္မာရုံတွင် တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ကြောင်း သိရသည်။
ထို့နောက် တပေါင်းလဆန်း (၁၀)ရက်တွင် ခင်ဦးမြို့မှ သပိတ်ကျင်းမြို့သို့ ပင့်ဆောင်အပူဇော်ခံ၍ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းကာ အညာသီဟတော ဘုရားကုန်းတော်ပေါ်သို့ ပင့်ဆောင်ပြီး တပေါင်းလပြည့်နေ့ထိ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သီဟတောဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မိုးသောက်(ရွှေဘို)


