နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် GIZ တို့ ပူးပေါင်း၍ စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီမံကိန်းဘဏ်တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများအားလုံးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် Myanmar Sustainable Development Plan-MSDP ကို အကောင်အထည်ဖော်ရာတွင် ကြိုတင်တွက်ဆနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုများ အားကောင်းရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကကဏ္ဍများအနေဖြင့် MSDP ကိုအကောင်အထည်ဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် ရှင်းလင်းလွယ်ကူ၍ ညီညွတ်မှုရှိသည့် အကောင်အထည်ဖော်မှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်ရန်ဖြစ်ပါကြောင်း။

 

နိုင်ငံ၏ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာအခြေခံ အဆောက်အဦများကို ထိရောက်စွာ တည်ဆောက်နိုင်ရန်နှင့် ဘဏ္ဍာရေးယန္တရားကို ထူထောင်၍ ဆောင်ရွက်ကြရန်၊ ရင်းနှီးမြှပ်နှံသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ဖိတ်ခေါ်ပါကြောင်း၊ စီမံကိန်းဘဏ် ရေရှည်တည်တံ့ရေးအတွက် 3 Cs ဖြစ်သည့် ပေါင်းစပ်ဆောင်ရွက်ခြင်း (Coordination) ပူးပေါင်းဆောင်ရွက်ခြင်း (Cooperation)နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Communication) တို့ အားကောင်းလာစေရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် GIZ မှ Country Director Dr. Petra Shill က ဂုဏ်ပြုစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် Dr. Petra Shill တို့က Website ကို စက်ခလုတ်နှိပ်၍ စတင်ထုတ်လွှင့်ပေးသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က စီမံကိန်းဘဏ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက စီမံကိန်းဘဏ်၏  ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

သတင်းစဉ်