တာချီလိတ် ၂၆ ဖေဖော်ဝါရီ

 

လေထုအရည်အသွေးကျဆင်းမှုကို တားဆီးနိုင်ရန် တောမီးကို စောင့်ကြည့်အချက်ပေးမည့် မောင်သူမဲ့ဒရုန်းယာဉ်ပျံငယ်များကို ရှမ်းပြည်နယ်အတွင်းနှင့် တာချီလိတ်ဒေသတွင် ထားရှိနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

တောမီး စောင့်ကြည့်နိုင်သည့် ဒရုန်းယာဉ်ပျံများ ဝယ်ယူနိုင်ရေးအတွက် ဘတ်ဂျက်ရရှိရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဆွေးနွေးနေပြီး မြန်မာ-ထိုင်း နယ်စပ်​ဒေသ တာချီလိတ်ဒေသတွင် ထားရှိရန် လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေ ရှိ၊ မရှိတို့ကို ဆွေးနွေးတိုင်ပင်နေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သစ်တောဝန်ကြီး ဒေါက်တာညီညီအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒရုန်းများ ဝယ်ယူနိုင်ရေးအတွက် တွက်ချက်မှုများကို မိတ္ထီလာ အာကာသနှင့် လေကြောင်းပညာ တက္ကသိုလ်မှ ပါမောက္ခများက ကူညီပေးနေကြောင်း ဒေါက်တာ ညီညီအောင်က ဆက်လက်ပြောကြားခဲ့သည်။

 

နှစ်စဉ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကြုံတွေ့ရသည့် လေထုညစ်ညမ်းမှု၏ အဓိကအကြောင်းရင်းမှာ တောမီးနှင့် တောင်ယာမီးကြောင့်ဖြစ်ပြီး ယခုနှစ်တွင် တောင်ယာမီးရှို့မှုများ စနစ်တကျ လုပ်ဆောင်ရန် ပညာပေးမှုများကို အစောပိုင်းကတည်း စတင်လုပ်ဆောင်နေကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)