နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

141002485

 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာရေးကို ဦးတည်ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက်မှုနှုန်း လျော့နည်းခြင်းများကို ဆောင်ရွက်ပါကြောင်း။

 

အရည်အသွေးရှိသည့် ပညာရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ် ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများ စသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။

 

သင့်လျော်သော ဆရာ၊ ကျောင်းသား အချိုးရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရန်ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ) လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်းအစီ အစဉ်များဖြင့် ဆက်လက်ပညာဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း။

 

တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသန လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို  ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော  ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့်  ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်းနှင့် တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေး ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကလေးတိုင်း သင်ယူတတ်မြောက်ရမည့် ဘာသာရပ်အားလုံး အကောင်းဆုံး သင်ယူတတ်မြောက်အောင်၊ လူသားကောင်းများဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တာဝန်ယူတာဝန်ခံမှုရှိအောင်၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်မှုရှိအောင် အရည်အသွေး ပြည့်မီသည့် ဆရာ၊ ဆရာမများလိုအပ်ပါကြောင်း၊ စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီရန်၊ တာဝန်နှင့် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့တို့က ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးဆောင်ရွက်နေသော လုပ်ငန်းစဉ် (၁၂)ရပ်နှင့်စပ်လျဉ်း၍ ဦးစီးဌာန (၁၁)ခုတို့မှ ညွှန်ကြားရေးမှူးချုပ်များက Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

သတင်းစဉ်