covID - 19 ဟု ခေါ်ဆိုသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံဆီသို့ ပျံ့နှံ့နေပြီဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ခဲ့သည့် အဆိုပါရောဂါ သည် ယနေ့ (၂၆-၂-၂၀၂၀) အထိတော့ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေး။ ရောဂါစတင်ခဲ့သည့် တရုတ်နိုင်ငံတွင် နောက်ထပ်ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်လျော့ကျ လာသည်ဟုဆိုသော်လည်း အီရန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် အရှေ့အလယ်ပိုင်းဒေသ၊ အာရှအရှေ့ပိုင်းဒေသ၊ ဥရောပဒေသ စသည့်ဒေသအသီးသီးသို့ ပျံ့နှံ့လာပြီဖြစ်သည့်အပြင် လူအသေအပျောက်များပါ ရှိလာပြီဖြစ်ရာ အထူးဂရုစိုက်၍ ရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြရပြီ ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူကို ကူးစက်ခြင်း၊ လူအချင်းချင်း ကူးစက်ခြင်းနည်းလမ်းများဖြင့် ကူးစက်နိုင် သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနှင့် အနီးကပ်နေထိုင်ခဲ့သူများမှာ ကူးစက်နိုင်ခြေများသည်။ ရောဂါရှိသူ တစ်ဦး ချောင်းဆိုး၊ နှာချေရာမှ တစ်ဆင့် ရောဂါပိုးများ လေထုထဲသို့ ရောက်ရှိသွားပြီး အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် အခြားသူများကို ကူးစက်နိုင်သည်။ ထို့ပြင် စားပွဲများ၊ ကုလားထိုင်လက်တန်းများ၊ တံခါးလက်ကိုင်ဘုများ၊ ပရိဘောဂများနှင့် အသုံးအဆောင်များ စသည်တို့တွင် ကပ်ငြိနေတတ်သည့် ရောဂါပိုးများကို ကိုင်တွယ်မိရာမှ တစ်ဆင့်လည်း ကူးစက်နိုင်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။

 

ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်လျှော့ချနိုင်ရေးအတွက် အအေးမိ တုပ်ကွေးရောဂါလက္ခဏာရှိသူများနှင့် အနီးကပ် နေထိုင်မှုကို ရှောင်ကြဉ်ရန်၊ လူထူသည့် နေရာများသို့ မသွားရန်၊ လက်ကို သန့်စင်အောင် မကြာခဏ ဆေးကြောရန်၊ နှာချေချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် နှာခေါင်းစည်း (mask) ကို သုံးရန်နှင့် အများပြည်သူသုံး ယာဉ်များ စီးနင်းချိန်တွင် သူတစ်ပါးကို ရောဂါမကူးစက်စေရေး သတိပြုရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူး အသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာပစ်ရန်နှင့် လက်ကိုလည်း သန့်ရှင်းအောင် ဆပ်ပြာဖြင့် ဆေးကြောရန်၊ တိရစ္ဆာန်များကို ကိုင်တွယ်ပွတ်သပ်ခြင်း၊ နမ်းရှုပ်ခြင်း မပြုလုပ်ရန်၊ သား၊ ငါး၊ ဥများကို သေချာစွာ ချက်ပြုတ် စားသောက်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်နှင့် အိပ်ရေးဝဝအိပ်ရန်၊ အာဟာရပြည့်ဝသည့် အစားအစာကို များများစားရန်နှင့် ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ရန်တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က အကြံပြုထားကြသည်။

 

COMID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက်ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုနေသည့်အပြင် ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုမှုများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည့်နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်နေသည့်အပြင် သတင်းများ ကိုလည်း နေ့စဉ်ထုတ်ပြန်ပေးနေသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများတွင် ကနဦး၌ ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ ချောင်းခြောက်များ ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ တစ်ပတ်ခန့်ကြာသည့်အခါ အားအင်ကုန်ခန်းလာပြီး အသက်ရှူကျပ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ရောဂါစောင့်ကြပ်ကြည့်ရှု ရာတွင်ပြင်လက္ခဏာများကို တွေ့ရှိပါက ဆက်လက်စောင့်ကြည့်ပြီး သံသယရှိသူများနှင့် စပ်လျဉ်း၍မူ ဓာတ်ခွဲကြည့်ရှု အတည်ပြုကြရခြင်း ဖြစ်သည်။

 

မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံး သမားတော်ဖြစ်သည့်အလျောက် လူတိုင်း လူတိုင်း ကျန်းမာရေး ဗဟုသုတအပြည့်၊ သတိရှိရှိဖြင့် စားသောက်နေထိုင် ကြခြင်းကသာ အကောင်းဆုံးဖြစ်သည်။ လူစုလူဝေးရှိရာ၊ လူထူသည့် နေရာများသို့ မသွားမဖြစ်သည့် ကိစ္စမှတစ်ပါး မသွားကြရန်၊ မသွား မဖြစ်သွားရ ပါကလည်း အသက်ရှူလမ်းကြောင်းကို ကာကွယ်နိုင်သည့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် နေ့စဉ်မကြာခဏ မိမိတို့၏ လက်များကို စနစ်တကျ ဆေးကြောသန့်စင်ကြခြင်း အားဖြင့် covID-19 ခေါ် လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါဘေးမှ ရှောင်ရှားနိုင်ကြပါစေဟု သတိပေးနှိုးဆော်အပ်ပါကြောင်း။   ။

မြန်မာ့အလင်း