တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် coVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟု ယူဆလျှင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ coVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။
coVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ ဂူဟန်မြို့၌ စတင်ဖြစ်ပွားသည့်နေ့မှစ၍ ကူးစက်ခံရမှုနှင့် သေဆုံးမှုနှုန်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ရက်အတွင်း ၇၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ၂၆၆၃ ဦး၊ ကူးစက်ခံရသူ ၇၇၆၅၈ ဦး ရှိခဲ့ပြီဖြစ်သည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင် သေဆုံးမှု၊ ကူးစက်မှုမြင့်တက်နေပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများတွင်ပါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သတိဝီရိယကို ပိုသည်ဟူ၍သဘောမထားဘဲ ယခုထက် ပိုမိုအထူးဂရုစိုက်၍ ခုခံကာကွယ်တားဆီးသွားကြရမည် ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ COVID-19 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အတည်ပြုရောဂါလူနာ မတွေ့သေးသော်လည်း ထိုကူးစက်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေး အရေးပေါ်ကိစ္စရပ်အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက်နေမှုများကို အသိအမှတ်ပြုရမည် ဖြစ်သည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများပြုလုပ်ခြင်းအား ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးနှိုးဆော် ချက်များ ထုတ်ပြန်ထားသည်။ အကယ်၍ မဖြစ်မနေ ပြုလုပ်ရမည်ဆိုပါလျှင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပေး နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ အထူးသဖြင့် ထိုရောဂါ သည် ပြည်တွင်း၌ကူးစက်ဖြစ်ပွားခြင်းမရှိသဖြင့် ပြည်ပမှဝင်ရောက်လာသော လူများမှတစ်ဆင့်သာ ကူးစက်နိုင်သောကြောင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်လာသော ဧည့်သည်များအား သေချာစွာ စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည်။ အဆိုပါရောဂါ မည်သို့ဖြစ်ပွားသည်။ ပျံ့နှံ့သည်ဖြစ်စေ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လက်ရှိကောင်းမွန် နေသောအနေအထားထက် ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ပြုမူလုပ်ကိုင်သွားရမည်ဖြစ်သည်။
ပြင်ပကျန်းမာရေးနှင့် ပတ်သက်၍ နံနက်စောစော နေရောင်ခြည်ကဲ့သို့ သင့်တင့်သောနေရောင်ခြည်နှင့် ထိတွေ့ခြင်း၊ သင့်လျော်သော ပတ်ဝန်းကျင် ကိုယ်ခန္ဓာ အပူချိန်ရှိခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ရောဂါကူးစက်နိုင်သော နေရာများတွင် ကလိုရင်းပိုးသတ်ဆေးပက်ဖျန်းခြင်း၊ လက်ကို သန့်ရှင်းအောင် အစဉ်အမြဲဆေးကြောသန့်စင်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ကိုယ်ခံအားကောင်းခြင်းတို့သည် ဗိုင်းရပ်စ်ပိုးအား ကြိုတင်ကာကွယ် ခုခံတားဆီးနိုင်သော အကောင်းဆုံးနည်းလမ်းများ ဖြစ်သည်။
လူတိုင်းလူတိုင်း တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ နံနက်စာကို ပုံမှန်စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပုံမှန်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ စိတ်ရွှင်လန်းတက်ကြွပြီး စိတ်ချမ်းသာအောင်နေထိုင်ခြင်းနှင့် အရာရာတွင် အကောင်းမြင် တတ်ခြင်းတို့သည် covID-19 ဗိုင်းရပ်စ်ပိုး သာမက အခြားမည်သည့်ရောဂါ၊ ဗိုင်းရပ်စ်ပိုးမျှ အလွယ်တကူမဝင်ရောက် နိုင်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်သည်။
သို့ဖြစ်ရာ ရောဂါဘေးဘယာများ အမျိုးမျိုးထူပြောနေသော ယနေ့ကာလတွင် မိမိကိုယ်တိုင် အထူးဂရုပြု၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ရာ ကိုယ်စီကိုယ်စီ ကိုယ်ခံအားကောင်းမွန်ကြလျှင် ဝင်ရောက်လာနိုင် သော ရောဂါဘေးအန္တရာယ်များကို ခုခံကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ