ရိခေါ်ဒါရ်     ၂၅  ဖေဖော်ဝါရီ   

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ၌ တိုးချဲ့လူနာဆောင်နှင့်အတူ ဓာတ်မှန်ဆောင်နှင့် ခွဲစိတ်ခန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပူးတွဲတည်ဆောက်သွားရန် စီစဉ်ထားရှိပြီး အဆိုပါ အဆောက်အဦ ဆောက်လုပ်မည့်နေရာကို မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာတို့နှင့်အတူ မြို့စည်ပင်သာယာရေး ကော်မတီဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

5623

           

အဆိုပါ တိုးချဲ့လူနာဆောင် အသစ်ကို အလျား ၁၀၁ ပေ၊ အနံ ၈၁ ပေဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး တိုးချဲ့လူနာဆောင်နှင့်အတူ အလျား ၂၇ ပေ၊ အနံပေ ၃၀ ရှိ ဓာတ်မှန်ဆောင်နှင့် ခွဲစိတ်ခန်းပါ ပူးတွဲတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများကို Chin Cruisers Com. Ltd မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုဖေဖော်ဝါရီလအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံသည် ၁၆ ခုတင်ဆံ့ဆေးရုံတစ်ခုဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့၌ တည်ရှိသည်နှင့်အညီ မြို့ပေါ်ရပ်ကွက်ပြည်သူများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှလည်း အားကိုးအားထား ပြုသည့် ဆေးရုံတစ်ခုဖြစ်ကြောင်း၊ ယခုဆောက်လုပ်သည့် တိုးချဲ့လူနာဆောင်၊ ဓာတ်မှန်ဆောင်နှင့် ခွဲစိတ်ခန်းများ ဆောက်လုပ်ပြီးစီးသွားပါက လူနာစမ်းသပ်ကြည့်ရှုခြင်း၊ ကုသခြင်းလုပ်ငန်းများအတွက် များစွာအထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)