တာချီလိတ် ၂၇ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေးအခွင့်အလမ်း တိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးရေး ရည်ရွယ်၍ တောင်သူပညာပေးသင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံးရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း က မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးသူက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ ရော်ဘာအစေးလှီးခြင်း နည်းပညာသင်တန်းမှ သင်ခန်းစာများနှင့် ဆစ်ဆောင်ပန်းနားမြို့၊ လင်ချမ်းမြို့၊ မုန်တင်မြို့၊ ချမ်းယွမ်မြို့၊ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ နန်စန်နယ်စပ်ဂိတ်၊ မိုင်းမောနယ်စပ်ဂိတ်များရှိ ရော်ဘာ ကုန်သွယ်မှုအခြေအနေနှင့် စီးပွားရေးပေါ်လစီများ၊ Semi-products ထုတ်လုပ်သည့် ရော်ဘာစက်ရုံများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန် တည်ဆောက်မည့် အနာဂတ်အလားအလာ(ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်)အခြေအနေများအား လေ့လာရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်ပို့ချသည်။
အဆိုပါ ပြန်လည်ပို့ချခြင်းသင်တန်းတွင် သင်တန်းသား ၂၀ ဦးတို့အား စာတွေ့ လက်တွေ့ အစေးလှီးခြင်းများကို လက်တွေ့ ပြသဆောင်ရွက်ကြောင်းသိရသည်။
ဝေယံလင်း(တာချီလိတ်)


