ကော့သောင်း ၂၇ ဖေဖော်ဝါရီ
ယနေ့ ကမ္ဘာနိုင်ငံတချို့တွင်ဖြစ်ပေါ်ကူးစက် ပြန့်ပွားလျှက်ရှိသည့် 2019-nCoV (အဆုတ်ရောင်) ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက် ပြန့်ပွားမှုမရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့တွင် မြို့နယ် ကျန်းမော ရး ဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာNGOအဖွဲ့အစည်းများ ပူးပေါင်းကာ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကော့သောင်းမြို့ မြို့ခံပြည်သူများနှင့် ထိုင်းနိုင်ငံမှတစ်ဆင့်ဝင်ရောက်လာသည့် နိုင်ငံစုံမှ ခရီးသွား ဧည့်သည်များထံမှ ရောဂါပိုးကူးစက်ခံရသူများ ပါဝင်လာခြင်းမရှိစေရေး နေ့စဉ်နယ်စပ်ဂိတ် စတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ ပိတ်သိမ်းချိန် ညနေပိုင်းအထိ ခရီးသွားဧည့်သည်များ ဖြတ်သန်းဝင်ရောက် လည်ပတ်လျှက်ရှိသည့် အဏ္ဏဝါရပ်ကွက်၊ မြို့မတံတား ရေဆိပ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက သတိပြုစစ်ဆေး တားဆီးကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။
ထို့အပြင် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ မြို့၏လူစုလူဝေးများပြားရာ အဝေးပြေးကားဂိတ်နှင့် မြို့မဈေးအနီးအနားတစ်ဝိုက် အဆုတ်ရောင်ရောဂါ 2019NovelCoronavirus ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်းများ ဝေငှခြင်း ခရီးသွားပြည်သူများသိထားနိုင်ကြစေရန် လက်ကိုင်စပီကာများဖြင့် နှိုးဆော်အသိပေးခြင်း၊ နံရံကပ်ပိုစတာများကပ်၍ အသိပေးခြင်း စသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျှက်ရှိသည်။
ယနေ့အထိမြန်မာနိုင်ငံ ကော့သောင်းမြို့အတွင်းသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စစ်ဆေးပေါ်ပေါက်မှုမရှိသေးကြောင်း ကျန်းမာရေးဌာန၏ သတင်းများအရ သိရသည်။
ကျော်စိုး(ကော့သောင်း)


