ကာမိုင်း  ၂၇  ဖေဖော်ဝါရီ   

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ကျောင်းသားကျောင်းသူများ အဆင်ပြေလုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုမည့်ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေးနှင့် ဖြေဆို မည့်စာစစ်‌ဌာန၌ မီးဘေးလုံခြုံမှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရေး၊ မြို့အတွင်းအသံချဲ့စက်များမှ ဆူညံသံများကို ထိန်းသိမ်းဆောင်ရွက်စေရေး၊ မြို့ပေါ်ကားလမ်းများ တစ်လျှောက် သွားလာမှုလုံခြုံစိတ်ချမှုနှင့် ယာဉ်အန္တရာယ်များ ကင်းရှင်းစေရေး၊ ယစ်မျိုးဆိုင်ရာများ ရောင်းချမှု ကြီးကြပ်ဆောင်ရွက်စေရေး၊ စာမေးပွဲဖြေဆိုမည့်နေ့တွင် ကျောင်းသား ကျောင်းသူများ သတ်မှတ်ထားသည့်အချိန်၌ နောက်ကျကျန်နေမှု မ‌ရှိစေရေး နှင့် ညပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကင်းလှည့်စောင့်ကြပ် ကြည့်ရှုပေးစေရေး စသည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆိုင်းခေါန်၊ မြို့လျှပ်စစ်ရုံးမှ ဦးစီးမှူး ဦးကျော်ကျော်ဝင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကွေ့ဘောမ်ယော်၊ မြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဝင်းသက်နိုင်၊ မြို့မီးသတ်လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)

 

087900833