မူဆယ် ၂၇ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံ ဘက်သို့ တရားမဝင်တင်သွင်းလာပြီး (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ စစ်ဆေးရေးဂိတ်၌ အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင် ပိုးသတ်ဆေးများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မူဆယ်မြို့၊ (၁၀၅)မိုင်ရှိ စိုက်ပျိုးရေးရုံးဝန်းအတွင်း၌ မြေမြှုပ်ဖျက်ဆီးသည်။
အဆိုပါ တရားမဝင်ပိုးသတ်ဆေးကို အကောက်ခွန် ဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ မြေမြှုပ် ဖျက်ဆီးရာ မူဆယ်ခရိုင်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ အကောက်ခွန်ဦးစီးဌာနမှူး ဦးမောင်မောင်ထန်း၊ မူဆယ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူး၊ ဌာနဆိုင်ရာများ နှင့် မြေမြှုပ်ဖျက်ဆီးရေး ကော်မတီအဖွဲ့ဝင်များက မြေမြှုပ်ဖျက်ဆီးသည်။
မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းပြီး ဖမ်းဆီးရမိထားသည့် ပိုးသတ်ဆေး(Chlorpyrifor) (၅၀)ဖာ၊ မှိုပိုးသတ်ဆေး(Dimethomorph) (၁၀)ဖာ၊ ပိုးသတ်ဆေးအရည်(၁၂)ဖာ၊ မှိုပိုးသတ်ဆေးအမှုန့် (၈)ဖာ၊ စုစုပေါင်း(၈၀)ဖာကို မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


