မုံရွာ ၂၇ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် မြေအောက်ရေ အသုံးပြုပြီး တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်လျက်ရှိသော စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေးသုံးရေများကို အခမဲ့စမ်းသပ်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန်၏ ပြောကြားချက်အရ သိရသည်။

           

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် ဆည် ရေသောက်စနစ်၊ မြေအောက်ရေစနစ်၊ ချောင်းပိတ်၊ မြောင်းပိတ်စနစ်တို့ဖြင့် စပါး၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ ပဲမျိုးစုံ၊ နိုင်ငံခြား ဈေးကွက်ဝင် သီးနှံအမျိုးမျိုးတို့ကို စိုက်ပျိုးလျက်ရှိရာ မြေ အောက်ရေ အသုံးပြုစိုက်ပျိုးသော မြေအမျိုးအစားများတွင် မြေပျက်စီးမှု အများဆုံးဖြစ်နေကြောင်း သိရသည်။

 

“ ရေ၊ မြေရဲ့ အနေအထားကိုသိရဖို့ ဓာတ်ခွဲစမ်းသပ်ဖို့လိုတယ်၊ မိမိတို့လက်ရှိ စိုက်ပျိုးနေတဲ့ မြေကို ပုံမှန် အနေနဲ့ သုံးနှစ်တစ်ကြိမ်လောက် စမ်းသပ်သင့်တယ်၊  မလိုအပ်တဲ့ မြေသြဇာတွေ ထည့်နေမယ်ဆိုရင် ငွေကုန် တာပဲရှိမယ်၊ အပင်ကလည်း စားရမှာမဟုတ်ဘူး၊ ဓာတ်ကြွင်းကျန်လို့ရှိရင် စားသုံးသူအတွက်ရော စိုက်ပျိုး ရေးလုပ်တဲ့ အလုပ်သမားတွေအတွက်ရော အန္တရာယ်တွေဖြစ်လာမယ်၊ အဲဒါကြောင့် မြေသြဇာတွေ ဘယ် အချိုးလောက် သုံးသင့်တယ်၊ ပိုးသတ်ဆေးတွေကို ဘယ်လို လျှော့ချသုံးသင့်သလဲဆိုတာကို သိဖို့က ရေနဲ့ မြေကို စမ်းသပ်ဖို့လိုပါတယ်၊ ဒါကြောင့်ရေနဲ့မြေ စမ်းသပ်တာကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက လုပ်ဆောင်ပေးမယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းတော့ စမ်းသပ်ပေးမှာ မဟုတ်ပါဘူး၊ မြေအမျိုးအစားတူတဲ့ မြေ ဧက (၂၀၀) ဒါမှမဟုတ် ဧက (၅၀၀) တစ်ဆက်တစ်စပ်တည်းရှိတဲ့ ကွင်းထဲမှာ မြေသားနမူနာယူပါမယ်၊ မြေသားနမူနာ ယူဖို့မြေကြီးတူးတာတို့ ဖို့တာတို့ကိုတော့ တောင်သူတွေက လုပ်ပေးရမှာဖြစ်တယ်၊ မြေ/ရေ စမ်းသပ်ဖို့အတွက် ကုန်ကျစရိတ်တွေကိုတော့ စိုက်ပျိုးရေးဦးစီးဌာနကနေ အကုန်အကျခံပေးမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန်က ပြောသည်။

 

မြေသားစမ်းသပ်ချက်တွေပြီးရင် မြေရဲ့အခြေအနေအမှန်ကို သိရှိကာ တောင်သူများအနေဖြင့်    စိုက်ပျိုးမြေ၌ စိုက်ပျိုးမည့် သီးနှံပေါ်မူတည်ပြီး သီးနှံအတွက်လိုအပ်သည့် မြေသြဇာအချိုးအစား၊ ပိုးသတ် ဆေးအချိုးအစားနှင့် အခြားလိုအပ်တဲ့ နည်းပညာတွေကို စိုက်ပျိုးရေး ဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ရာ တောင်သူများအနေဖြင့် စိုက်ပျိုးရေး ကျွမ်းကျင်ဝန်ထမ်းများ၏  ညွှန်ကြားချက်အတိုင်း  လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)