ကောလင်း   ၂၇   ဖေဖေါ်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ခွင်တောင်း၊ ယောမြေနီ၊ လက်ပံကွေ့၊ ကျွန်းလှခုံ၊ ဝန်းသိုမြို့နယ် စိန်လည်၊ အောင်းကုန်း ၊သပြေသာ စသည့် ၎င်းကျေးရွာများသည် ဒေါင်းမြူးချောင်းနံဘေးတွင် တည်ရှိပြီး ပန်းဂေါ်ဖီ၊ ငရုတ်၊ သခွား၊ မေမြို့ပန်း၊ သစ္စာပန်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ဂန္ဓမာပန်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဂေါ်ဖီထုပ်များစျေးကောင်းသဖြင့် စိုက်ခင်းရောက်အထိ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော် ဂေါ်ဖီထုပ် တစ်ဧကကို အပင် ၁၀၀၀၀ စိုက်ပျိုးထားပါတယ်။ မျိုးကတော့ သရဖူမျိုးပါ ၆ အောင်စ ပျိုးပြီး စိုက်ပျိုးထားတာပါ။ ၁ အောင်စကို ၈၀၀၀ ကျပ်ပေးရပါတယ်။ အပင်တစ်သောင်းစိုက်ကို မျိုးစပျိုးသည့်အချိန်မှ ခုတ်ရောင်သည်အထိ  ​မြေဩဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ လုပ်အားခစုစုပေါင်း တစ်ပင်ကို ၇၀ ကျပ်အထိ ကုန်ကျပါတယ်။ ယခင်နှစ်ကလည်း အပင် ၁၀၀၀၀ စိုက်ပါတယ် တစ်ထုပ်မှ ၁၀၀ ကျပ်နှင့် ၁၅၀ ကျပ်သာ ရောင်းရတဲ့အတွက် အရှုံးပေါ်ခဲ့ပါတယ်။ တစ်ချို့ ဂေါ်ဖီထုပ်စိုက်တောင်သူများဆို စျေးမကောင်းတဲ့အတွက် နွားစာအဖြစ် ခုတ်စင်းကျွေးခဲ့ကြရပါတယ်။ ယခု ဂေါ်ဖီထုပ် တစ်ထုပ်ကို အထုပ်အကြီး အသေးပေါ် မူတည်၍ ၆၀၀ ကျပ် ၄၅၀ ကျပ်အထိ ရောင်းရပါတယ်။ အထုပ် ၄၀၀၀ ကျော်ကိုတော့ ကောလင်းစျေးသို့ တစ်ထုပ် ၆၀၀ ကျပ်ဖြင့် ဖောက်သည်ပေးခဲ့ပါတယ်။ ယခု အထုပ် ၅၀၀၀ ကျော်ကိုတော့ စိုက်ခင်းထဲမှာဘဲ တစ်ထုပ် ၄၅၀ ကျပ်နဲ့ ရောင်းချနေပါတယ်။'' ဟု စိန်လည်ကျေးရွာနေ ဂေါ်ဖီထုပ်စိုက်တောင်သူ ဦး​မြင့်အောင်က ပြောသည်။

 

 "ကျွန်မတို့က ဗန်းမောက်ကလာဝယ်တာပါ။ တစ်ခါဝယ် ကားတစ်စီးအပြည့်ဝယ်ယူတာပါ အရင်နှစ်ကဆို ကောလင်းစျေးတွင် ဝယ်ယူလို့ရတယ် ယခုနှစ်က ကောလင်းစျေးမှာ စျေးများပြီး ကျွန်တော်တို့ရချင် သလောက်မရတဲ့အတွက် စိုက်ခင်းထဲအထိ ဝယ်ယူရပါတယ်” ဟု ဗန်းမောက်မြို့နယ်မှ ဂေါ်ဖီထုပ် ဝယ်ယူသူ မတင်မာလင်းက ပြောပြသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)