မင်းဘူး ၂၈ ဖေဖော်ဝါရီ
ကျေးလက်နေပြည်သူများ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူကြားတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထု၏ စဉ်စားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Pubkic Talk) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်က အဖွင့်အမှာ စကားပြောပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြန်ဆက်ဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော် စွမ်းရည်၊ ခရိုင်မီးသတ်ဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်း၊ စားသုံးသူရေးရာ ဉီးစီးဌာန မြို့နယ်တာဝန်ခံ ဉီးမြင့်ကြည်၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဉီးသိန်းနိုင်ဝင်း၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန ဒုတိယဉီးစီးမှူး ဉီးဌေးဝင်း၊ ကျန်းမာရေးဉီးစီးဌာန ကျန်းမာရေးမှူး ဒေါ်နွယ်နွယ်၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ထွန်းတို့မှ တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကျေးလက်မီးဘေးလုံခြုံရေးနှင့် ပတ်သက်သော သိကောင်းစရာများ၊ စားသုံးသူအကာကွယ်ပေးရေး ဉပဒေဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ တိရိစ္ဆာန်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာများ၊ ကျန်းမာရေးနှင့်ပတ်သက်သော သိကောင်းစရာများ၊ လယ်ယာမြေနှင့် ပတ်သက်သော သိကောင်းစရာများအား အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာပြည်သူလူထုမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် အဆိုပါကျေးရွာနှင့် နီးစပ်ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


