မြိတ် ၂၈ ဖေဖော်ဝါရီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ  ရေဂါလံ ၆၀ဝ၀ ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြိမ်းသတ်ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဉီးဆောင်၍ တိုးချဲ့တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကန်မှ မီးသတ်ယာဉ်များအား ရေဖြည့်ပေးနိုင်ရန်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် ရေကန်မှ ထားဝယ်စုရပ်ကွက်အတွင်း ပေ ၁၂၀ဝ ကျော် အကွာအဝေးအထိ မီးငြိမ်းသတ်ရန်နှင့် မီးသတ်ယာဉ်ဖြည့်ပေးနိုင်ရန်အတွက် မီးငြိမ်းသတ်ရေပိုက်ငုတ်များသို့ တစ်မိနစ် ရေဂါလံ ၅၀ဝ စုပ်တင်ပေးပို့နိုင်သည့် ဖိုးလမင်းကုမ္ပဏီမှလှူဒါန်းထားသော Rabbit အမျိုးအစား အပေါ့စားရေစုပ်စက်ကို ထားဝယ်စုအရန် မီးသတ်စခန်းမှ ရေကန်အနီးတွင်ထားရှိပြီး  ရေစုပ်စက်မှ ရေကန်အတွင်း ပေ ၁၂၀ ပိုက်သွယ်တန်းပြီး  ၄ ပေ အနက် ဆောင်ရွက်ထားရှိသည်။

မီးသတ်ယာဉ်ရေဖြည့်ပေးနိုင်ရန်နှင့် သွယ်တန်းတပ်ဆင်ထားသည့် မီးငြိမ်းသတ်ရေပိုက်ငုတ်(၄)ခုကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉ နာရီခွဲက အပေါ့စားရေစုပ်စက်ဖြင့် ရေကန်မှရေစုပ်ယူပြီး မီးငြိမ်းသတ်ပိုက် ခေါင်းဖြင့် သရုပ်ပြဆောင်ရွက်မှု၊ မီးငြိမ်းသတ်ရေပိုက်ငုတ်(၄)ခုတွင်  ရေစုပ်စက်ဖြင့် ရေစုပ်တင်သရုပ်ပြ ဆောင် ရွက်နေမှုအား စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးမြတ်ကိုကို၊ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း၊ ထားဝယ်စုအရန်မီးသတ်စခန်းဉက္ကဌ ဦးခိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ရေစုပ်စက်ဖြင့် မီးငြိမ်းသတ်ရေပိုက်ငုတ်များ သရုပ်ပြဆောင်ရွက်မှုအပြီးတွင် စည်ပင်သာယာရေး ကော်မတီဉက္ကဌနှင့်တာဝန်ရှိသူများမှ ရေကန်အနီးရှိ ရေဂါလံ ၆၀ဝ၀ ဆံ့ ရေစင်အသုံးပြုပြီး မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အောင်ချမ်းသာဓမ္မာရုံအထိ ရေပိုက်သွယ်တန်းပြီး မီးငြိမ်းသတ်ရေပိုက်ငုတ်များကို   တိုးချဲ့တပ်ဆင်ဆောင်ရွက်ရန်  ရေကန်များအား ကြည့်ရှုခဲ့ကြသည်။

ထို့အတူ မြိတ်မြို့ အလယ်ကျွန်းနယ်မြေတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်မိရပ်ဖများမှ ရေဂါလံ ၆၅၀ဝ ဆံ့ ရေစင်တစ်ခုဖြင့် မီးငြိမ်းသတ်ရေပိုက်ငုတ်အလုံး ၂၀ ကို ရပ်ကွက်များတွင် တပ်ဆင်ဆောင်ရွက်ထားရှိပြီး အလယ်ကျွန်းရပ်ကွက်တွင် မီးသတ်ယာဉ်များအလွယ်တကူ ရေဖြည့်နိုင်ရန် ရေဂါလံ ၁၀ဝ၀ဝ ဆံ့ ရေစင် တစ်ခုရှိသည်။ မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် စခန်း(၈)ခုတို့တွင် မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း ၂၆ စီးရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)