မြွေကိုက်ရင် ဖြေဆေးရှိတယ်။ ဓာတ်လိုက်ရင် ဖြေဆေးမရှိဘူး ဆိုတာ တကယ်ပါပဲ။ ဓာတ်လိုက်တယ်လို့ပြောရင် မျက်စိထဲမှာ ပြေးမြင်ကြတာက အုန်းခနဲ ပေါက်ကွဲပြီး တစ်ကိုယ်လုံး မည်းသည်းတဲ့ သူကိုပါ။ ဒါက ပြင်းထန်တဲ့ အခြေအနေပါ။ သာမန် အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်ရင်း ကျဉ်ခနဲ ဖြစ်သွားတာလည်း ဓာတ်လိုက်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်လိုက်တာက အရေးကြီးတဲ့အတွက် သူသူကိုယ်ကိုယ် ကြုံလာခဲ့ရင် သာမန် လူတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာလေးတွေကို ရှင်းပြပေးပါမယ်။

 

ဓာတ်လိုက် တယ်ဆိုတာ ဘာလဲ။

 

လျှပ်စီးကြောင်းက ခန္ဓာကိုယ်ကို ဖြတ်သွားတဲ့အခါ ဓာတ်လိုက်တယ်ဆိုတာ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းရော၊ အပြင်ရော ထိခိုက်တဲ့အပြင် ကိုယ်တွင်းအင်္ဂါပါ ပျက်စီးတတ်ပါတယ်။  ဓာတ်လိုက်စေတဲ့ ပစ္စည်းတွေကတော့

•           အိမ်သုံးပစ္စည်းတွေ

•           ဓာတ်ကြိုးတွေ

•           စက်ပစ္စည်းတွေ

•           နောက်ဆုံး မိုးကြိုးပစ်ခံရတာကိုလည်း ဓာတ်လိုက်တယ်လို့ပဲ သတ်မှတ်ပါတယ်။

ဓာတ်လိုက်တာ ပြင်းထန်လား ဆိုတာတော့ အောက်က အခြေအနေတွေပေါ် မူတည်ပါတယ်။

•           ဗို့အား

•           ဘယ်လောက်ကြာကြာ ဓာတ်လိုက်တာလဲ

•           နဂို ကျန်းမာရေး အခြေအနေ

•           ခန္ဓာကိုယ်ရဲ့ ဘယ်ကို ဖြတ်စီးသွားတာလဲ

•           လျှပ်စီးအမျိုးအစား (AC က DC ထက်ပို ပြင်းထန်ပါတယ်) စတဲ့ အချက်တွေ အပေါ်မူတည်ပါတယ်။

ဓာတ်လိုက်တဲ့ လူတိုင်းက အရေးပေါ်စောင့်ရှောက်မှု လိုအပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်လိုက်ပြီးရင် ဆရာဝန်နဲ့ ပြဖို့တော့လိုပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ထိမထိဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။

 

ဓာတ်လိုက် ရင်ဘယ်လိုမျိုးတွေ ခံစားရမှာလဲ။

 

ဓာတ်အားနည်းရင်တော့ သာမန်ကျဉ်တာ၊ ပူတာ၊ နီတာ လောက်ပဲ ခံစားရမှာပါ။ ဒီထက်ပိုဆိုးရင်တော့

•           သတိလစ်တာ

•           ကြွက်တက်တာ

•           ထုံတာ၊ ကျဉ်တာ

•           အသက်မရှူနိုင်တာ

•           ခေါင်းကိုက်တာ

•           အမြင်၊ အကြားထိခိုက်တာ

•           မီးလောင်သလိုဖြစ်တာ

•           တက်တာ

•           နှလုံးခုန်မမှန်တာတွေ ဖြစ်တတ်ပါတယ်။

•           တစ်ခါတစ်လေ compartment syndrome လို့ ခေါ်တဲ့ ကြွက်သားတွေ ပျက်စီးပြီး ခြေတွေ လက်တွေ ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။ ဒီလို ရောင်ရမ်းတာတွေကြောင့် သွေးကြောတွေကို ဖိမိတဲ့အခါ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ပြီးတော့ ဒါက ဓာတ်လိုက်ပြီးပြီးချင်း မသိနိုင်ပါဘူး။ နောက်မှ တဖြည်းဖြည်း ပေါ်လာတဲ့အတွက် ဓာတ်လိုက်ပြီးရင်လည်း ခြေတွေ လက်တွေကို ဂရုစိုက် ကြည့်ရမှာပါ။

 

 

ဓာတ်လိုက်ရင် အရေးပေါ်ဘာလုပ်ကြမလဲ။

 

တစ်ယောက်ယောက် ဓာတ်လိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ဓာတ်လိုက်တဲ့ဒဏ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာပါ။

 

ကိုယ်ကိုယ်တိုင် ဓာတ်လိုက်ရင်ခဲ့ရင်

 

ကိုယ်ကိုယ်တိုင် ဓာတ်လိုက်လိုက်ရင်တော့ လုပ်ရကိုင်ရခက်မှာပါ။ ဒါပေမယ့် ဓာတ်လိုက်ပြီလို့ သိတာနဲ့ အောက်ကအတိုင်း လိုက်လုပ်ပါ။

•           ဓာတ်လိုက်စေတဲ့ ပစ္စည်းကို ချက်ချင်း လွှတ်လိုက်ပါ။

•           ပြီးရင် ဆေးရုံကားချက်ချင်း ခေါ်ပါ။ ကိုယ်တိုင်မခေါ်နိုင်ရင် သူများကို အကူအညီတောင်းပါ။

•           ဓာတ်လိုက်တဲ့ နေရာကနေ ဝေးဝေးနေပါ။

သိပ်မပြင်းထန်ဘူးဆိုရင်

•           ဘာမှမဖြစ်ရင်တောင် ဆရာဝန်နဲ့ ပြသပါ။ အတွင်းဒဏ်တွေက ဒီတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။

•           အပူလောင်တဲ့ နေရာရှိရင် ပိုးသတ်ထားတဲ့ ပိတ်ကျဲစ (gauze) နဲ့ ကပ်ပါ။ ပလာစတာ မကပ်ပါနဲ့။

တခြားတစ်ယောက် ဓာတ်လိုက်ခဲ့ရင်

တခြားတစ်ယောက်ကို ကူညီရင်း ကိုယ်ပါ ဓာတ်မလိုက်ဖို့ သတိထားရမှာပါ။ ဒါကြောင့်

•           ဓာတ်လိုက်နေတဲ့သူကို ဓာတ်လိုက်တဲ့ ပစ္စည်းကို မလွှတ်မချင်း သူ့ကို မထိပါနဲ့။

•           နောက်ထပ် ဓာတ်မလိုက်နိုင်ဘူးလို့ ယူဆရင် ဓာတ်လိုက်ထားတဲ့သူကို နေရာမရွေ့ပါနဲ့။

•           တတ်နိုင်ရင် မီးခလုတ်ကို ပိတ်လိုက်ပါ။ မပိတ်နိုင်ဘူးထင်ရင် သစ်သား ဒါမှမဟုတ် ရာဘာ ပစ္စည်း တစ်ခုခုကိုသုံးပြီး ဓာတ်လိုက်စေတဲ့ ပစ္စည်းနဲ့ လူကို ခွာထုတ်လိုက်ပါ။ ရေစိုနေတဲ့ ပစ္စည်းတွေ၊ သတ္တုတွေကို မသုံးပါနဲ့။

•           ဗို့အားပြင်းပြင်းနဲ့ ဓာတ်လိုက်တယ်၊ လိုက်နေတုန်းပဲ ဆိုရင် ပေ ၂၀ အကွာမှာ နေပါ။

•           မိုးကြိုးပစ်ခံရတာ ဖြစ်ဖြစ်၊ ဓာတ်ကြိုးနဲ့ ဓာတ်လိုက်တာပဲ ဖြစ်ဖြစ် သက်ဆိုင်ရာကို အကြောင်းကြားပါ။

•           ဓာတ်လိုက်ပြီးတော့ အသက်ရှူရခက်တယ်၊ သတိလစ်တယ်၊ တက်တယ်၊ ရင်တုန်တယ်ဆိုရင် ဆေးရုံကား ခေါ်ပါ။

•           အသက်မရှူဘူး၊ နှလုံးမခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စလုပ်ပါ။

•           ဖြူဖျော့ပြီး သွေးဆုတ်နေသလို ဖြစ်နေတယ်ဆိုရင် သွေးလန့်နေတာပါ။ ခြေထောက်ကို နည်းနည်းမြှောက်ထားပေးပါ။

•           လောင်တဲ့ နေရာရှိရင် ပိုးသတ်ထားတဲ့ ပိတ်ကျဲစ (gauze) နဲ့ ကပ်ပါ။ ပလာစတာ မကပ်ပါနဲ့။

•           လူကို နွေးနွေးထွေးထွေးထားပါ။

 

ဘယ်လိုကုသကြမလဲ။

 

ဒဏ်ရာမပြင်းဘူးဆိုရင်တောင် အတွင်းဒဏ် ရှိမရှိသိဖို့ ဆရာဝန်နဲ့ပြရမှာပါ။ ထိခိုက်တဲ့ပေါ်မူတည်ပြီး ကုတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင်

•           မီးလောင်ဒဏ်ရာကို ကုသတာ

•           အနာသက်သာအောင် ဆေးပေးတာ

•           ပုလင်းချိတ်တာ

•           ဓာတ်လိုက်တဲ့ ပစ္စည်း၊ ဖြစ်တဲ့ပေါ်မူတည်ပြီး မေးခိုင်ကာကွယ်ဆေးထိုးတာ

•           ပြင်းထန်တယ်ဆိုရင်တော့ ဆေးရုံတက်ရမှာပါ။ ဆေးရုံတက်ပြီး နှလုံးထိခိုက်မှုရှိမရှိ တခြားထိခိုက်မှုရှိမရှိစောင့်ကြည့်ရမှာပါ။

 

ရေရှည်မှာ ထိခိုက်မှုရှိနိုင်လား။

 

တချို့သော ဓာတ်လိုက်တာတွေက နာတာရှည်ထိခိုက်မှု ရှိနိုင်ပါတယ်။ ဥပမာပြောရရင် ပြင်းပြင်းထန်ထန် မီးလောင်ခဲ့ရင် သေရာပါ အမာရွတ် ကျန်ခဲ့မှာပါ။ လျှပ်စီးဓာတ်က မျက်လုံးကို ဖြတ်သွားရင် အတွင်းတိမ် ဖြစ်ကျန်ခဲ့မှာပါ။

 

တချို့တွေကျတော့လည်း ထုံတာ၊ ကျဉ်တာ၊ နာတာ စတာတွေ ကျန်ခဲ့မှာပါ။

 

ကလေးတွေမှာဆို ဝါယာကြိုးတွေ ဝါးပြီး ဓာတ်လိုက်ရာက နှုတ်ခမ်းကို ဒဏ်ရာရတတ်ပါတယ်။ အနာဖေးကွာရင်လည်း သွေးအများကြီး ထွက်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒါက ပုံမှန်ပါပဲ။ နှုတ်ခမ်းပတ်လည်က အစကတည်းက သွေးကြောတွေ များလို့ပါ။

 

Take Home Message

 

ဓာတ်လိုက်တာက အခန့်မသင့်ရင် သေတတ်ပါတယ်။ ဒါကြောင့် အချိန်မီ ကုသနိုင်ဖို့ အရေးကြီးပါတယ်။ သိပ်ပြင်းထန်တယ်ထင်ရင် အရေးပေါ်ကို ချက်ချင်း ဆက်သွယ်ပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ တခြားကိုယ်မသိနိုင်တဲ့ ဒဏ်ရာတွေ ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြဖို့မမေ့ပါနဲ့။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

‌“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”