ကျောက်ပန်းတောင်း ၂၈ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် အမျိုးသားလူမှုရေးပင်စင်များကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅၄၃)ဦးတို့အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်ဖြစ်သော (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက်) တစ်လလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့်၊ ဘိုးဘွား(၁၅၄၃)ဦးအတွက်၊ စုစုပေါင်းငွေကျပ် ၄၆၂၉၀ဝ၀ဝ ကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးတို့က လွှဲပြောင်းပေးအပ်သည်။
အခမ်းအနားအပြိီးတွင် တိုင်းဒေသကြီလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


