နေပြည်တော်  ၂၈  ဖေဖော်ဝါရီ

 

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပသည်။

 

အဆိုပါ နည်းဥပဒေ(မူကြမ်း)ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၇ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)နှင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ Sedona Hotel တို့၌ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အဖွဲ့အစည်းများမှ ပေးပို့လာသည့် အကြံပြုချက်များ နှင့်စပ်လျဉ်း၍ ယခု နောက် ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမား ရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဤနည်းဥပဒေထွက်ရှိမှသာ လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ လွယ်ကူနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဦးစီးဌာနများ အနေဖြင့် အလုပ်သမားဥပဒေပါ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ တိတိကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည့်အပြင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတို့မှ ညှိနှိုင်းဖြေရှင်းရမည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို ရှင်းလင်းစွာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Ms. Anne Boyd၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အတွင်းရေးမှူးများနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက နည်းဥပဒေထုတ်ပြန်နိုင်ရန်အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန့်ဇော်