နေပြည်တော်  ၂၈  ဖေဖော်ဝါရီ

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

mdn

 

အစည်းအဝေးသို့ ဗဟိုအဖွဲ့အတွင်းရေးမှူးနှင့် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့်  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ နှင့် ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး၊ အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အစည်းအဝေးတွင် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍသည် များစွာ အရေးပါသည်ကို အားလုံးသိရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။

 

အကောင်အထည်ဖော်လျက်ရှိသည့် အထူးစီးပွားရေးဇုန် (သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ) ဇုန်(၃)ခုရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန်သည် ရှေ့သို့ရောက်ရှိ နေပြီး ချောမွေ့စွာ လည်ပတ်လျက်ရှိပါကြောင်း၊ ယခုဆိုလျှင် ဇုန် (A) ကို အကောင်အထည်ဖော်ပြီး ဇုန် (B) ကိုလည်း အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

 

၂၀၂ဝပြည့်နှစ် ဇန်နဝါရီလကုန်အထိ ကုမ္ပဏီပေါင်း (၁၁၄)ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်းသည် အမေရိကန် ဒေါ်လာ( ၁ ဒသမ ၉၂ )ဘီလီယံအထိ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိ စီးပွားဖြစ်လည်ပတ်နေသည့်စက်ရုံပေါင်း (၈၁)ခု ထိရှိနေပြီ ဖြစ်ပါကြောင်း၊ ယင်းရလဒ်များကိုကြည့်ပါက သီလဝါအထူး စီးပွားရေးဇုန်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု ပြောရမည်ဖြစ်ပါကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုကြည့်လျှင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသော CITIC Group ကုမ္ပဏီနှင့် Framework Agreement ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး Concession Agreement နှင့် Shareholder Agreement များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထဲတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ဆက်လက်အကောင်အထည်ဖော်ရန် EIA၊ SIA၊ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင် စစ်တမ်းကောက်ယူမှု- G.T survey ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ရှေ့ကသွားနေသည့် သီလဝါဇုန်လုပ်ငန်းစဉ်များနှင့် အတွေ့ကြုံများကိုလေ့လာ၍ စီမံကိန်း ရည်မှန်းချက်နှင့်အညီ အကောင်အထည်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုက်တွန်းလိုသည်မှာ တစ်ဖက်က မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့်အတွက် စီမံကိန်း၏လုပ်ငန်းစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်နိုင်ငံအကြား ပေါင်းစည်းဆက်သွယ်မှုကို များစွာတိုးမြှင့်လာစေမည် ဖြစ်သကဲ့သို့ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကိုလည်း တိုးတက်လာစေမည်ဖြစ်၍ လုပ်ငန်းများ အရှိန်အဟုန် ရပ်တန့်မသွားစေဘဲ အချိန်နှင့် တစ်ပြေးညီ တိုးတက်မှုရရှိအောင် စီမံဆောင်ရွက်ပေးစေလိုပါကြောင်း။

 

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခဲ့မှုကို ကြည့်လျှင် တိုးတက်မှုအပိုင်းတွင် ထားဝယ်ဇုန်မှ ထီးခီးထိ ဆက်သွယ်ထားသော ၂-လမ်းသွားကားလမ်း အဆင့်မြှင့် တင်ဖောက်လုပ်ရေး စီမံကိန်းဖြစ်ပါကြောင်း၊ ယင်းလမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ NEDA ထံမှ ချေးငွေ ထိုင်းဘတ်(၄ ဒသမ ၅)ဘီလီယံ ချေးယူပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံက NEDA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Terms of Reference (TOR) မူကြမ်းအပေါ် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး လမ်းအတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရပါကြောင်း၊ ဆက်လက်၍ Detailed Project Report (DPR) ကို ဆက်လက် ညှိနှိုင်းနေသည်ကို သိရှိရပါကြောင်း။

 

ကနဦးနှင့် ပင်မစီမံကိန်းများ တစ်ပြိုင်နက်တည်း အကောင်အထည်ဖေါ်နိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဥပဒေကြောင်းအရ ကြိုတင်လေ့လာ သုံးသပ်ထားမှုများကို ဆက်လက်ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်း ယခုအစည်းအဝေးတွင် တင်ပြပေးစေလိုပါကြောင်း။

 

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများအတွက် ဖွဲ့စည်းထားသော SPV အခန်း ကဏ္ဍ ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ပင်မစီမံကိန်းစတင်နိုင်ရန် မည်ကဲ့သို့နည်းလမ်းဖြင့် ဆောင်ရွက်နေသည်ကိုလည်း လေ့လာ တင်ပြပေးစေလိုပါကြောင်း။

 

အထူးစီးပွားရေးဇုန်များသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အရေးပါ သကဲ့သို့ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် အခွင့်အလမ်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်ရှိအကောင်အထည်ဖေါ် နေသည့် အထူးစီးပွားရေး ဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ချက်ထား၍ ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ပြီး ဆောင်ရွက်နေသကဲ့သို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးရမည့်ကိစ္စများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့က အာမခံချက်ပေးနိုင်မှသာ ရင်းနှီးမြှုပ်နှံသူများ လာရောက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ မလုပ်ဆောင်နိုင်ပါက ထိရောက်သည့် အောင်မြင်မှုရရှိမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ကြိုးစားပေးရန် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါဟု ပြောကြားသည်။

 

ထို့နောက် ဗဟိုအဖွဲ့ အတွင်းရေးမှူးနှင့် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထူးစီးပွားရေးဇုန်များ လက်ရှိဆောင်ရွက်မှု အခြေအနေနှင့် ဗဟို လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက (၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် သီလဝါနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က အထူးစီးပွားရေးဇုန်အလိုက်ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်အထူးစီးပွားရေးဇုန်စီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ဒေသ စီမံကိန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မြန်မာ-ထိုင်း ပူးတွဲညှိနှိုင်းရေးကော်မတီ တွဲဘက်အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက မြန်မာ-ထိုင်းပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် မြန်မာ-ထိုင်း-ဂျပန် (၃)နိုင်ငံ တွဲဘက် အတွင်းအရေးမှူးအဆင့် အလွတ်သဘောလုပ်ငန်း အစည်းအဝေးတို့မှ ဆွေးနွေးခဲ့သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဦးဟန်ဇော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးကျော်အေးသိန်းနှင့် တာဝန်ရှိသူများက စီးပွားရေးဇုန်များအလိုက် အခွန်ကောက်ခံရရှိမှု၊ အသုံးစရိတ်လျာထားမှု၊ အထူးစီးပွားရေးဇုန်များအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊  ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အတွက် EIA/ SIA  များ ရေးဆွဲနေမှုအခြေအနေ၊ ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် အလုပ်သမားများ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေ၊ စီးပွားရေးဇုန်များနှင့် ချိတ်ဆက်သည့်လမ်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ အထူးစီမံကိန်းများ အောင်မြင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ တို့ကို ဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတက အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော်သည့်နေရာတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် မျှတမှုရှိအောင် ချင့်ချိန်ပြီး အသိသတိနှင့် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်၍ ရှေ့ဆက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်သည့် နေရာတွင် မိမိနိုင်ငံအတွက် အကျိုးရလဒ်နည်းခြင်းကို ရှောင်ရှားပြီး၊ နှစ်ဦးနှစ်ဖက် မျှတသည့် အကျိုးရလဒ်ရရှိအောင် သတိထား၍ ညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုကြောင်း။

 

အထူးစီးပွားရေးဇုန်များ တည်ထောင်ဆောင်ရွက်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီဖြစ်ရန် လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရန် လိုပါက ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံရေးသည် အရေးကြီးပါကြောင်း၊ ထိုသို့ ယုံကြည်မှုရရှိမှသာ နိုင်ငံတကာအလယ်တွင် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ တင့်တယ်မည်ဖြစ်ပါကြောင်း။

 

လက်ရှိ စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်သည့်နေရာတွင် မူဝါဒရေးရာအရ အဆုံးအဖြတ် ရယူရမည့်ကိစ္စများရှိပါက ဗဟိုအဖွဲ့အစည်းအဝေးကို စောင့်နေရန် မလိုဘဲ ဗဟိုအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြလာပါက အဆုံးအဖြတ်များရရှိအောင် တင်ပြပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် မိမိတို့ အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်များ အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေပြီး၊ ပြည်သူများ လက်တွေ့အကျိုး ခံစားမှုရရှိစေရေးနှင့် မျှော်လင့်ချက်များ ရှင်သန်လာစေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန်  ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်