မန္တလေး ၂၈ ဖေဖော်ဝါရီ
မန္တလေး မဟာမုနိဘုရားကြီး အသုံးအဆောင်ပစ္စည်းများမှ အကြိမ် (၇၀) မြောက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ထုတ်ယူလျက်ရှိရာ ယခုအခါ ရွှေအကြမ်း စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း ရွှေမိုက်ထုတ်လုပ်သည့် လုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသူ မိုက်သူကြီး ဦးအောင်မိုးထံမှ သိရသည်။
ရွှေမိုက်ထုတ်ယူခြင်း ပထမအဆင့်အနေဖြင့် ရွှေသင်္ကန်းကပ်လှူရာမှ တစ်နှစ်တာလုံး စုဆောင်းရရှိသည့် ရွှေလှောင် စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော် လှည်းကျင်းရာမှ ရရှိသော အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာမှ ရရှိသော အောက်မြေမှုန့်၊ ခြေသုတ်ဝတ် စသည့်တို့ကို မီးရှို့ပြာချခြင်း ဖြစ် ကြောင်း၊ ဒုတိယအဆင့်တွင် ရရှိသော ပြာများမှ ရွှေများကို ဖမ်းယူစုဆောင်း၍ ရွှေအကြမ်း စတင်ထုတ်ယူခြင်းဖြစ်ကာ ယခုအခါ ရွှေအကြမ်းစတင် ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ ရွှေအကြမ်းစတင်ထွက်ပါပြီ၊ လုံးဝသန့်စင်တဲ့ရွှေ (မီးလင်းရွှေ) မဖြစ်သေးဘူး၊ ရွှေအကြမ်းထုတ်တဲ့လုပ်ငန်းက နှစ်ပတ် လောက် ကြာပါတယ်၊ ပြီးမှ နောက်ဆုံးမီးလင်းရွှေ ထုတ်ယူရမှာပါ” ဟု မိုက်သူကြီး ဦးအောင်မိုး ကပြောကြားသည်။
ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းမှာ ပထမအဆင့် ရွှေလှောင်စက္ကူများ ပြာချသည့်အချိန်မှ မီးလင်းရွှေ ထွက်သည်ထိ တစ်လခွဲခန့် ကြာမြင့်ပြီး သန့်စင်သည့်ရွှေ (မီးလင်းရွှေ) ရရှိသည်အထိ မိုက်သူကြီး ဦးအောင်မိုး ဦးဆောင်ကာ လုပ်သား (၂၀) ခန့်ဖြင့် ပါဝင်လုပ်ကိုင်ရကြောင်း သိရသည်။ ရွှေမိုက်ထုတ်လုပ်ငန်းမှ ရရှိလာသော ရွှေမိုက်များကို ဂေါပက အဖွဲ့ဝင်များရှေ့တွင် အတိအကျချိန်တွယ်၍ ရက်စွဲ၊ အလေးချိန် အတိအကျဖြင့် လက်မှတ်ရေးထိုး အပ်နှံရကြောင်း သိရသည်။
အဆိုပါ ရွှေမိုက်ထုတ်လုပ်ပုံ အဆင့်ဆင့်ကိုလည်း ဘုရားဖူးလာပြည်သူများနှင့် နိုင်ငံခြားသားခရီးသွားများ လေ့လာကြည့်ရူ့နိုင်ရန်အတွက် ရင်ပြင်တော်တွင် LED Board ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ဂေါပကအဖွဲ့မှ စီစဉ်လျက်ရှိကြောင်း သိရသည်။
မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူတဲ့ လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကစတင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုငါးနှစ်တာ ကာလစာရင်းအရ ၂၀၁၅ ခုနှစ်က ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်က ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်က ၇ ပိဿာခန့်၊ ၂၀၁၈ ခုနှစ်က ၁၆ ပိဿာကျော်၊ ၂၀၁၉ ခုနှစ်က ၇ ပိဿာကျော် ထွက်ရှိခဲ့တယ်လို့ မိုက်သူကြီးဦးအောင်မိုးက ပြောကြားသည်။
မန္တလေးမဟာမုနိဘုရားကြီးတွင် ရွှေဆိုင်းချရန် တစ်နှစ်လျှင် ရွှေဆိုင်းပေါင်း တစ်သိန်းနှစ်သောင်းခန့်၊ တစ်လလျှင် ရွှေဆိုင်း တစ်သောင်းခန့် ရောင်းချရကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


