နေပြည်တော်  ၂၈  ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ကြေးမုံ၊ မြန်မာ့အလင်းနှင့် နေပြည်တော် သတင်းစာတိုက်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

         

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နံနက် ၁၀ နာရီတွင် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးက  တာဝန်နှင့် အခွင့်အလမ်းသည် အမြဲဒွန်တွဲနေမှု၊ Content များ ကောင်းမွန်‌အောင် စိတ်ကူးစိတ်သန်းများ ထုတ်ပြီး ဆောင်ရွက်စေလိုမှု၊ ရာပြည့်အခမ်းအနားများအတွက် အစီအစဉ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန်၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတု နှစ်ပတ်လည်အတွက် ဂုဏ်ယူဖွယ် အစီအစဉ်ကောင်းများ ထွက်ပေါ်နိုင်မှုတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

         

ထို့နောက် ရုပ်မြင်ဌာနခွဲ၊ အသံလွှင့်ဌာနခွဲ၊ စက်မှုဌာနခွဲ၊ တေးဂီတဌာနခွဲ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်း၊ ဘဏ္ဍာရေး ဌာနခွဲနှင့်  စီမံခန့်ခွဲရေးဌာနခွဲ တို့မှ ဝန်ထမ်းများက ဆွေးနွေးတင်ပြကြသည်။

       

ယင်းနောက်   အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

          

ထို့နောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

          

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အစီအစဉ် ထုတ်လုပ်သူများ တွေ့ဆုံပွဲကို ကျင်းပရာ တာဝန်ရှိသူများနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်ရေးမှူးများက ရုပ်ရှင်ရာပြည့်နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနားအတွက် ရိုက်ကူးထုတ်လွှင့်နေမှုနှင့် ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အစီအစဉ်များ  ရိုက်ကူး ထုတ်လွှင့်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

          

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်း၊ ကြေးမုံနှင့် နေပြည် တော်သတင်းစာတိုက်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

          

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သတင်းစာအရည်အသွေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့်  အမှားအယွင်းကင်းစင်အောင် ဆောင်ရွက်ကြရန် စသည်ဖြင့် မှာကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများ၏  တင်ပြချက်များအပေါ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း   ခေတ္တဉီးဆောင်ညွှန်ကြားရေးမှူး က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ 

 

ယင်းနောက် ပြည်ထောင်စု၀န်ကြီးက    နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း လိုက်သည်။

 

(သတင်းစဉ်)