သတင်းဆောင်းပါး- မောင်မောင်ကျော့ (ပလက်ဝ)
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် “သွေးချင်း တို့ရဲ့ ပွဲတော်ဆ ီ(၂၀၂၀)” ပွဲတော်ကြီးသည် ပွဲတော်ရက်များအတွင်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းများသို့ လာရောက်လေ့လာသူများ၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ ကပြဖျော်ဖြေ တင်ဆက်မှုများနှင့် နာမည်ကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို လာရောက်ကြည့်ရှုသူများ၊ ရိုးရာအစားအစာများ၏ ထူးခြားကောင်းမွန်သော အရသာများကို လာရောက်စားသုံးသူများဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုစည်ကားခဲ့ကြောင်း တွေ့ရသည်။ စာရေးသူလည်း ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတွင် ရခိုင်ခေတ်လေးခေတ်၏ မင်းနေပြည်မြို့တော်ဟောင်းများ၊ ရှေးခေတ် ရခိုင်ပြည်သုံး အက္ခရာများ၊ ရခိုင်ပြည်သုံးဒင်္ဂါးများကို ဗီနိုင်းကားချပ်ကြီးများဖြင့် ပြသထားသည့်ပြခန်းတွင် ရှင်းလင်းပြောပြရန် တာဝန်ယူခဲ့ရမှုနှင့်အတူ အခြားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းနှင့် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန ပြခန်းကိုပါ လေ့လာခွင့် ရရှိခဲ့သည်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြခန်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်းဝင်လိုက်သည်နှင့် ပြခန်းအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ အမည်စာရင်းများ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများအပါအဝင် ယင်းတို့ မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်ပုံများ၊ နေထိုင် စားသောက်မှုပုံစံများ၊ ဖြစ်ပေါ်လာသော သမိုင်းကြောင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိမှုများ၊ တိုင်းရင်းသားဒေသအသီးသီးရှိ ထင်ရှား ကျော်ကြားသော နေရာများနှင့် ယဉ်ကျေးမှု အဆောက်အအုံများကိုပါ ပြသထားသည်ကို တွေ့မြင်ရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီမင်းရှိန်က “ပြီးခဲ့တဲ့နှစ်က ပြခန်းမပြဖြစ်ဘူး” ဒီနှစ်မှလုပ်ဖြစ်တာပါ။ ပြည်သူများ က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားရှစ်မျိုးပဲ သိကြတာ၊ သူတို့ရဲ့ မျိုးနွယ်စုတွေကို မသိကြဘူး။ အခုဆိုပြခန်းအတွင်း ပြသထားတဲ့ တိုင်းရင်းသားပေါင်းစုံကို ဓာတ်ပုံရိုက်ကြတယ်။ ပြခန်းကို နိုင်ငံခြားသားတွေ လာရောက် လေ့လာတဲ့အခါမှာလည်း စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ စာရေးသူလည်း မိမိ တိုင်းပြည်၊ မိမိတိုင်းရင်းသားတို့အကြောင်း စိတ်ဝင်စားသူ ဖြစ်လေရာ တိုင်းရင်းသား လူမျိုးများ၏ ဓာတ်ပုံမှတ်တမ်းများ ရိုက်ဖြစ်ခဲ့ပါသည်။ ထိုအထဲတွင် မြန်ပြည်တောင်ဘက် စွန်းက ဆလုံတိုင်းရင်းသားလည်း ပါဝင်ပါသည်။ လာရောက်ကြည့်ရှု လေ့လာသူများအား တိုင်းရင်းသားများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖြေကြားပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိရာ စာရေးသူကလည်း လက်ကမ်းစာစောင်များ တစ်ပွေ့တစ်ပိုက် လက်ခံရရှိခဲ့သည်။ ဒုဦးစီးမှူးဒေါ်နီနီမင်းသိန်းကလည်း တိုင်းရင်းသား လူမျိုးများနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရှင်းလင်း ပြောကြားပေးသည်။
ဤသို့ ဆွေးနွေးပြောကြားရာတွင် ဆလုံတိုင်းရင်းသားများအကြောင်းလည်း ပါဝင်ခဲ့ပါသည်။ ထိုအကြောင်းအရာများကို အခြေခံ၍ မြန်မာသမိုင်းထဲက ဆလုံသမိုင်းဖြစ်စဉ်များအပေါ် သုတေသီများ၏ အဆိုအမိန့်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့နှင့် နေထိုင်မှုဘဝများကိုပါ ဆက်လက်လေ့လာဖြစ်ခဲ့သည်။ ထိုသို့ လေ့လာမှတ်သားမိခဲ့သည်များမှ ဆလုံတိုင်းရင်းသားတို့၏ သမိုင်းကြောင်း၊ ချစ်မြတ်နိုးစရာ ရိုးရာဓလေ့နှင့် လူမှုစီးပွားဘဝ မည်သို့မည်ပုံရှိသည်နှင့် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ ဒေသတစ်ခုနှင့်တစ်ခု တူညီသော ဓလေ့စရိုက်များ၊ မတူညီကြပုံများ ကို လေ့လာလိုသူများအား ဝေငှပေးစေချင် သည်။ ဗဟုသုတရစေချင်သည်။ သတင်းစာ စာမျက်နှာပေါ်မှ လွယ်လင့်တကူ တစုတစည်းတည်း သိရှိကြစေလိုပါသည်။ ဤသို့သော အကျိုးကျေးဇူးကို မျှော်ကိုးလျက် ယခု ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
ဆလုံ(ခေါ်)မော်ကင်းလူမျိုး
ဆလုံကို ဆီလန်း (Seleng)၊ ဆီလုံး (Selone)၊ ဆီလောင်း (Selong) ဟု အမျိုးမျိုးခေါ်ကြကြောင်း သမိုင်းဆရာ “အင်ဒါဆင် ” ကရေးသားခဲ့ဖူးသည်။ အခြားတိုင်းရင်းသားများက ဆလုံဟု ခေါ်သည်။ သူတို့အချင်းချင်း ဆိုလျှင် မော်ကင်း(Maw Kin) ဟု ပြောကြ သည်။ ထိုင်းလူမျိုးတို့ကလည်း မော်ကင်းဟု ခေါ်၏။ ဆားငန်ရေအတွင်း နှစ်မြုပ်နေသူများ ဟု အဓိပ္ပာယ်ရသည်။ မောရစ်ကောလစ်က မြိတ်ကျွန်းစုနေ ဂျစ်ပစီလူမျိုးဟု မှည့်ခေါ်ခဲ့သည်။ မြန်မာတိုင်းရင်းသား ဆလုံများသည် ဆီလီတား အနွယ်များဖြစ်၍ စိတ်ဝင်စားဖွယ်ကောင်းသည်။ အသားအရေနက်မှောင်ပြီး သန်သန်မာမာရှိသည်။ ရက်စက်မည့် ဟန်ရှိသော်လည်း လူမြင်လျှင် ကြောက်စိတ် ရှိသည်။ ပင်လယ်အတွင်း လှည့်လည်သွားလာ နေထိုင်သူများဖြစ်သည်ဟု ရေးသားခဲ့ဖူးသည်။ ပင်လယ်ပြင်တွင် ပေါ့ပေါ့ပါးပါးသစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားသော လှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေထိုင်ချက်ပြုတ် စားသောက်ကြသည့် ဓလေ့နှင့် ကျင်လည်နေကြသူများဖြစ်သည်။ ထို့ကြောင့် ပင်လယ်ပျော် မော်ကင်းဟုလည်း ဆိုစမှတ်ပြုခဲ့ကြသည်။
ဆင်းသက်ပေါက်ဖွားဆလုံများ
သမိုင်းသုတေသီ မြောက်မြားစွာတို့က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးကို မွန်ဂိုလွိုက်အုပ်စုကြီးမှ ဆင်းသက်လာသူများဟု ဆိုသည်။ ရှေးဦးစွာ ဝင်ရောက်လာသူ မွန်ဂိုလွိုက်တို့မှ (၁) တိဘက်အုပ်စု၊ (၂) ဩစထရစ်အုပ်စုဟု ကွဲခဲ့ကြောင်း၊ တိဘက်တရုတ် အုပ်စုများသည် နောင်အခါ တိဘက်မြန်မာနှင့် ထိုင်းတရုတ်လူမျိုးများ ဖြစ်သွားကြောင်း၊ အလားတူပင် ဩစထရစ်အုပ်စုမှလည်း ဩစထရိုနီးယန်းနှင့် သြစထီရအေရှ တစ်အုပ်စုကွဲခဲ့ကြောင်း ရေးသားခဲ့ကြသည်။ ဒေါက်တာသန်းထွန်းကလည်း မွန်ဂိုလွိုက်တို့ တောင်ဘက်ပိုင်းရောက်သွားပြီး ဩစတြေးလွိုက် ဖြစ်သွားသည်ဟု ရေးသားခဲ့သည်။
အခြေပြမြန်မာနိုင်ငံသမိုင်း (ပထမတွဲ) တွင်လည်း မွန်ဂိုလွိုက်အုပ်စုကြီးမှ တိဗက် တရုတ်အုပ်စုနှင့် ဩစထရစ်အုပ်စုကွဲခဲ့ကြောင်း ရေးသားထားသည်။ ထိုဩစထရစ်အုပ်စုတွင် (၁)သြစထရိုအေရှတစ် (၂)ဩစထရိုနီးယန်း ဟုကွဲထွက်ပြီး ထိုဩစထရိုနီးယန်း အုပ်စုခွဲတွင် ဆလုံနှင့်ပသျှူးတို့ပါဝင်ကြောင်း ရေးသားထားပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသားတို့ကို မွန်ဂိုလွိုက်အနွယ်မှ ဆင်းသက်လာသူများ ဟု ပညာရှင်များက ယူဆထားကြသည်။ သုတေသီ “ဂျေ၊ ပီ-အင်ဒရူး” ကမူ ဆလုံနှင့် မလေးတို့သည် လွန်ခဲ့သော နှစ်သုံးထောင်ကျော်ကတည်းက မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ကမ်းခြေများတွင် နေထိုင်ခဲ့ကြသည်။ ဆလုံစကားတွင် မလေးစကား၂၀ ရာခိုင်နှုန်း ခန့်ပါဝင်နေခြင်းဖြင့် ဆလုံကို မလေးအနွယ် ဟု တထစ်ချမယူဆနိုင်ကြောင်း ရေးသားခဲ့သည်။
ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာန ပါမောက္ခ ဒေါ်တင်ရီပြုစုသည့် ဆလုံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ စာအုပ်တွင် ဆလုံတို့ ဆင်းသက်လာပုံကို အသေးစိတ်ဖတ်ရှုနိုင်သည်။ ဒေါ်တင်ရီက ဆလုံတို့မှာ မြန်မာနိုင်ငံအတွင်း ရှေးယခင်ကပင် ကြီးပြင်းပေါက်ဖွားလာသူများဖြစ်ကြောင်း၊ မွန်ခမာ အနွယ်ဝင်များဖြစ်ကာ မွန်တို့ကြီးစိုးလာချိန်တွင် ဘေးကင်းရာ တောင်ဘက်အရပ်သို့ ဆင်းသက်လာကြသူများဟု ယူဆရကြောင်း ရေးသားထားသည်။
ဆလုံများနေထိုင်ရာ ကျွန်းပဒေသာ
မြိတ်အရေးပိုင်ဟောင်း အင်ဒရူး (Andrew) က ဆလုံများနေထိုင်ရာ ကပ္ပလီ ကျွန်းတွင် ကျွန်းကြီးကျွန်းငယ်ပေါင်း ၈၀၀ မှ ၁၀၀၀ အထိရှိကြောင်း၊ အက်ဒမန်ပင်လယ် အတွင်းမှ ကတန်ကျွန်းနှင့် လန်ပိကျွန်းများတွင်လည်း ဆလုံတို့နေထိုင်ကြကြောင်း၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ် ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီ၊ မြို့နယ်တို့ရှိ ကတန်ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ မကြုံဂလက်ကျေးရွာ တို့တွင် ဆလုံတို့ စုစုခဲခဲ နေထိုင်လျက်ရှိကြသည်။
စာရေးသူ ၂၀၁၀ ပြည့်နှစ်က ကော့သောင်းမြို့ ရောက်ရှိခဲ့စဉ် ဇာဒက်ကြီး၊ ဇာဒက်လေး၊ မကြုံဂလက် ကျေးရွာများသို့ ရောက်ဖူးခဲ့သည်။ ယခင်က ဆလုံတို့သည် ပင်လယ်ပြင်တွင် နေထိုင်ဖို့သာ အားသန်ကြသည်။ ကုန်းပေါ်တက်၍ မနေလိုကြပေ။ ထို့ကြောင့် သူတို့ဘဝ တိုးတက်ရေး ဆောင်ရွက်ရာတွင် များစွာအခက်အခဲရှိခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)