မြင်းခြံ  ၂၉  ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဝင်းနုဝင်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် မြေလတ်အိမ်ရာ စီမံကိန်းကို ပထမဦးဆုံးစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြေလတ်အိမ်ရာစီမံကိန်းကို မြင်းခြံ-ပုဂံညောင်ဦးလမ်းဘေးတွင်ရှိသောမြေနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ အဆောက်အဦတစ်လုံးတွင်(၃၂)ခန်းပါရှိပြီး အဆောက်အဦ(၁၀)လုံး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ နေထိုင်သူများအဆင်ပြေစေရန် အဆင့်မြင့်နည်းပညာများ၊ အရည်အသွေးမြင့် ပစ္စည်များဖြင့် ငလျင်ဒဏ်ခံနိုင်မှု စနစ်များထည့်သွင်းတည်ဆောက်ထားကြောင်း၊ အပေါ်ထပ်များတွင် နေထိုင်သူများအတွက် အမှိုက်ပစ်ရန်ပိုက်လုံးများ၊ အရေးပေါ်လှေကားများကိုလည်း တပ်ဆင်ဆောက်လုပ်ထားကြောင်း၊ ရေကူးကန်၊ ကလေးကစားကွင်း၊ ကားပါကင်၊ အားကစားခန်းမ၊ ဈေးဝယ်စင်တာနှင့် အနားယူအပန်းဖြေနိုင်သော ပန်းခြံများလည်း ပါရှိပါကြောင်းကို တာဝန်ယူ ဆောက်လုပ်နေသော ဝင်းနုဝင်းကုမ္ပဏီက ပြောပြခဲ့သည်။

 

အဆိုပါ မြင်းခြံမြို့၏ မြေလတ်အိမ်ရာ စီမံကိန်းသည် မြင်းခြံမြို့တွင် ပထမဦးဆုံးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး၊ တိုးတက်များပြားလာသော လူဦးရေအတွက် ကိုယ်ပိုင်အခန်းများဖြင့် လူနေမှု အဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်ထား ကြောင်းနှင့် စိတ်ဝင်စားသူများ မေးမြန်းကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)