ထားဝယ် ၂၉ ဖေဖော်ဝါရီ
MPT က သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်ရေးအတွက် ဒေသခံပြည်သူများနှင့် စေတနာရှင်ဝန်ထမ်းများ စုပေါင်းဆောင်ရွက်မည့် MPT Money ၏“သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို ယနေနံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအား ကစားကွင်း၌ ကျင်းပသည်။
စုပေါင်းသန်ရှင်းရေး လှုပ်ရှားမှုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေဖြင့် “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” Clean and Fresh To move Forward အစီအစဉ်ဖြင့် စုပေါင်းသန်ရှင်းရေးလှုပ်ရှားမှု Nationwide Cleaning Campaign များကို နိုင်ငံတစ်ဝန်းအနေဖြင့် ကျင်းပသည်မှာ ယခုဆိုလျှင် တတိယအကြိမ်မြောက် ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာပျော်ရွှင်သော နေထိုင်မှုတစ်ခု ဖြစ်လာစေရန်နေရာတွင် သန့်ရှင်းမှုရှိစေရေးသည်လည်း အရေးကြီးသော နေရာကနေပါဝင်ကြောင်း၊ ကောင်းမွန်သော အလေ့အကျင့်များ ရှင်သန်ပျံ့နှံ့စေခြင်းဖြင့် လူနေမှုဘဝကိုမြှင့်တင်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က နိုင်ငံအတွင်းရှိ ရပ်ရွာများကို ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်၊ မိမိနေထိုင်သောနေရာ ပတ်ဝန်းကျင်ကို သန့်ရှင်းစေရန်နှင့် ကျန်းမာသောနေထိုင်မှု အလေ့အထများ လူမှုအသိုင်းအဝန်းအတွင်း ဖြစ်ထွန်းလှုံဆော်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ယခုလှုပ်ရှားမှု အစီအစဉ်အား ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုသည် ထားဝယ်မြို့နေ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိမည်ဟု ယုံကြည်မိကြောင်း ပြောကြားပြီး ဒေသခံပြည်သူများ ကိုယ်စားထားဝယ်တက္ကသိုလ်မှ ကျောင်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ MPT ဝန်ထမ်းများ၊ Clean Dawei အဖွဲ့၊ လူမှုရေးပရဟိတအဖွဲ့၊ ထားဝယ်စက်ဘီးစီးအဖွဲ့နှင့် ဒေသခံပြည်သူများက အဖွဲ့(၂)ဖွဲ့ခွဲ၍ လမ်းကြောင်း(၂)ကြောင်းဖြင့် အသိပညာပေးပိုစတာများကိုင်ဆောင်ကာ စုရပ်ရွှေဝယ်သီရိ အားကစားကွင်းမှ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံးအထိ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)


