စစ်ကိုင်း ၂၉ ဖေဖော်ဝါရီ
စစ်ကိုင်းမြို့၊ ကုတင်(၂၀ဝ)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၃)ရဲ လေ့ကျင့်ရေးကျောင်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂၉ ရက်၊ နံနက် ၉ နာရီအချိန်က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းပွဲတွင် အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းမှ ရဲမှူးကြီးအုန်းကျော်က သွေးလှူဒါန်း ပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှ ရောဂါဗေဒဆရာဝန် ဒေါက်တာဖြိုးသူစံမှ သွေးလှူဒါန်းရရှိသည့် အကျိုးကျေးဇူးများကို ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့သည်။
"သွေးလှူဒါန်းတယ်ဆိုတာ ဇိဝိတဒါနဖြစ်တယ်ဆိုတာကို သိရှိမှတ်သားမိပါတယ်၊ ကိုယ့်ရဲ့သွေးနဲ့ အခြားသူများရဲ့ အသက်ကို ကယ်တင်ပေးရတဲ့အလှူဖြစ်တဲ့အတွက် အလွန်မွန်မြတ်တယ်လို့လည်း မှတ် သားမိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒါဟာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်၊ ပထမအကြိမ်မှာလည်း ဒီ ပြည်သူ့ဆေးရုံကြီးမှာ လှူဒါန်းခဲ့ပါတယ်၊ ပုံမှန်သွေးလှူဒါန်းနေတဲ့အပြင် လူနာတွေ သွေးအရေးပေါ် လိုအပ်တယ်ဆိုရင်လည်း အချိန်မရွေး အကြောင်းကြားပါ၊ လာရောက်သွေးလှူဒါန်းပေးသွားပါ့မယ်" ဟု အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းမှ ရဲမှူးကြီးအုန်းကျော်က ပြောပြ၍သိရသည်။
အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်မိသားစုများသည် ပထမအကြိမ်သွေးလှူဒါန်းပွဲကို ၂၀၁၉ခုနှစ် စက်တင်ဘာလလ(၂၁)ရက်နေ့က လှူဒါန်းပေးခဲ့ပြီး ယခုဒုတိယအကြိမ် တပ်ဖွဲ့ဝင်မိသားစု စုစုပေါင်း(၅၅)ဦးတို့က စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်


