ရေစကြို ၂၉ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေစကြိုမြို့နယ် ထန်းတိုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အချိန်ကုန်လူပင်ပန်းသက်သာစွာ အိမ်တိုင်ရာရောက် သောက်သုံးရေရယူသုံးစွဲနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၊ UNICEF အဖွဲ့နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက် ယနေ့နံနက် ၉ နာရီက ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ် ထန်းတိုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရန်နှင့် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (UNICEF အဖွဲ့ ပူးပေါင်းကူညီမှု) ငွေကျပ် ၅ ဒသမ ၁၀၄ သန်း မတည်ထောက်ပံ့ပေးပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၂ ဒသမ ၂၉၆ သန်း ထည့်ဝင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သည့်နည်းပညာနှင့် ဆက်စပ်လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများက သဘာဝရေအရင်းအမြစ်နှင့် ရေလေလွင့်ဆုံးရှုံးမှု လျော့နည်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီရေးအတွက် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးမှာကြားသည်။ ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရေအရင်းအမြစ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် သတိပြုရမည့်အချက်အလက်များ၊ စက်ရေတွင်း ရေရှည်တည်တံ့အောင်ထိန်းသိမ်းခြင်းနည်းစနစ်များ၊ စိမ့်စမ်းရေများ ရေရှည်တည်တံ့အောင်ထိန်းသိမ်းခြင်း နည်းစနစ်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ရေစကြိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရန်နှင့် နွေရာသီ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း သိရပြီး ယခု ထန်းတိုကျေးရွာ၌ ဆောင်ရွက်နေသည့် အိမ်တိုင်ရာရောက် ကျေးလက်ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၉၀ မှ လူဦးရေ ၄၉၉ ဦး အတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာ အိမ်တိုင်ရာရောက် သောက်သုံးရေ ရယူသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


