မုံရွာ ၂၉ ဖေဖော်ဝါရီ
အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ်များမှ ကျေးလက်ဒေသများတွင် ယခုနှစ် နွေရာသီ သောက်သုံးရေပြတ်လပ်မှုမရှိစေရန် ကြိုတင်အစီအစဉ်များချမှတ် လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အိညို၏ ပြောကြားချက်အရ သိရသည်။
“နှစ်စဉ်နွေရာသီရောက်တိုင်းရေပြတ်လပ်မှု ဖြစ်နေတဲ့ကျေးရွာတွေအထဲက ဖြစ်နိုင်ချေအရှိဆုံး ကျေးရွာ (၁၁)ရွာမှာ မြေအောက်ရေတွင်းတွေ ပြန်လည်တူးဖော်တာ၊ အသစ်တူးဖော်တာ၊ မြေသားရေကန် အသစ်လုပ်တာ အဟောင်းတွေပြန်လည်ပြုပြင်တာတွေကို၊ ဌာနနဲ့ ကိုယ့်အားကိုယ်ကိုးအစီအစဉ်တွေနဲ့ လုပ်ဆောင်ပေးသွားဖို့ လုပ်ဆောင်နေတယ်၊ ကျန်တဲ့ကျေးရွာတွေကိုတော့ ရေပြတ်လပ်ခဲ့ရင် မြို့နယ်အဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွေနဲ့ ချိတ်ဆက်နိုင်တဲ့ ဖုန်းနံပါတ်တွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပေးထားသလို မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှာလည်း ပေးထားတာဖြစ်တဲ့အတွက် ရေလိုအပ်ရင် ဖုန်းနဲ့လှမ်း အကူအညီတောင်းနိုင်တယ်၊ ရေလိုတဲ့နေရာတွေကို ဌာနကစီစဉ်ပေးသွားမှာ ဖြစ်ပါတယ်၊ နောက်ပြီး ပုဂ္ဂလိက ရေလှူဒါန်ချင်တဲ့ သူတွေကလည်း မြို့နယ် ဦးစီးမှူးရုံးတွေနဲ့ ချိတ်ဆက်ပြီး တကယ်လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းနိုင်ဖို့အတွက်လည်း စီစဉ်ပေးသွားမှာဖြစ်ပါတယ်၊ အခုအခြေအနေကတော့ရေပြတ်လပ်မှု မရှိသေးပါဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အိညိုက ပြောသည်။
နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်ငွေဖြင့် နှစ်စဉ်ရေပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသော ကျေးရွာ (၆)ရွာတွင်လည်းကောင်း၊ မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာ (၁)ရွာနှင့် လူထုဗဟိုပြုစီမံကိန်းမှ ရရှိရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာနှင့် ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် လုပ်ဆောင်မည့် ကျေးရွာသုံးရွာတို့တွင် မြေသားရေကန်များပြန်လည်ပြုပြင်ခြင်း၊ အသစ်တူးဖော်ခြင်း၊ မြေအောက် ရေတွင်းများ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်တူးဖော်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


