မန္တလေး ၂၉ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် စာတတ်မြောက်မှု ပိုမိုအားကောင်းစေရေးအတွက် "Book for Asia" အစီအစဉ်ဖြင့် ပူးပေါင်း၍ စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆×၇၁ လမ်းထောင့်ရှိ အမေရိကန် ဂျက်ဖာဆန်စင်တာတွင် ကျင်းပပြုလုပ်သည်။
ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် စာကြည့်တိုက် အသီးသီးတို့မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများ၊ အမေရိကန်သံရုံး၊ အာရှဖောင်ဒေးရှင်းနှင့် ဂျက်ဖာဆန်စင်တာတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာအရာရှိ Ms Deborch Lynn က နှုတ်ခွန်းဆက်စကားပြောကြားပြီး TAF မှ မန်နေဂျာ ဒေါ်မီကီကျော်မြင့်က အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်သူ့ရေးရာအရာရှိမှ စာအုပ်များ ပေးအပ်လှူဒါန်းသည်။
အမေရိကန်သံရုံးနှင့် မြန်မာအမျိုးသားစာကြည့်တိုက်တို့နှင့်အတူ အာရှဖောင်ဒေးရှင်းသည် စာအုပ်အသစ်များ၊ အရည်အသွေးကောင်းမွန်သည့် စာအုပ်များ၊ အင်္ဂလိပ်ဘာသာဖြင့်
ပညာပေးရေးသားထားသော ကလေးစာပေများကို ၂၀ဝ၇ ခုနှစ်မှ စတင်၍ စာအုပ် ၂၈၀ဝ၀ဝ ကျော်အား မြန်မာနိုင်ငံအနှံ့အပြားရှိ ပညာရေးအဖွဲ့အစည်းများနှင့် စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ကာ ယနေ့အခမ်းအနားတွင် စာအုပ် ၉၁၉၈ အုပ်ကို မန္တလေး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ကယား၊ ရှမ်းပြည်နယ်စသည့် အထက်မြန်မာပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဖွဲ့အစည်း (၁၅၂)ဖွဲ့၏ တက္ကသိုလ် (၈၉)ခု၊ အစိုးရကျောင်း (၃၀)ခု၊ လူထုစာကြည့်တိုက် (၂၀)ခု၊ NGO စာကြည့်တိုက် (၁၃)ခု၊ အစိုးရကိုယ်စားလှယ်၊ နိုင်ငံရေးပါတီစာကြည့်တိုက်များသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


