ပခုက္ကူ ၂၉ ဖေဖော်ဝါရီ  

ရေစကြိုမြို့နယ် ထန်းတော(ကူနီ)ကျေးရွာ၌ ရွှေမုဋ္ဌောဆုတောင်းပြည့်ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပွဲတော်လာဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြီး တပေါင်းလဆန်း ၁၅ ရက်(လပြည့်နေ့) နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ၍ ပွဲတော်ကိုပိတ်သိမ်းသည်။

ရွှေကူနီပွဲခေါ် ပခန်းကိုကြီးကျော်ပွဲကို  ဘုရားပွဲကာလတွင် ကျင်းပလျက်ရှိပြီး တပေါင်းလဆန်း    ၃ ရက်နေ့က ချိုးရေတော်ဆင်းပွဲကို ကျင်းပခဲ့သည်။

အဆိုပါရွှေကူနီပွဲခေါ် ပခန်းကိုကြီးကျော်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ရိုးရာနတ်ဆက်သူများ လာရောက်ကြပြီး ဒေသထွက်ကုန်များ၊ တောင်သူသုံးပစ္စည်းများ၊ အဝတ်အထည်၊ သံထည်ပစ္စည်းများ၊ အလှကုန်စသည့် ၁၂ ပွဲဈေးသည်များလည်း လာရောက်ရောင်းချကြသည်။

ပွဲတော်ကာလအတွင်း လုံခြုံရေး၊ ခရီးသွားလာမှုအဆင်ပြေရေးနှင့် ကျန်းမာရေး၊ စောင့်ရှောက်မှုများပါ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ကိုဇော်(ဓာတု)