မိတ္ထီလာ ၂၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အိမ်ခြံမြေဈေးများ ကျဆင်းနေသော်လည်း အရောင်းအဝယ် နှေးကွေးအေးစက်နေကြောင်း မိတ္ထီလာအိမ်ခြံမြေ ရောင်းဝယ်ရေး ဈေးကွက်မှ သိရသည်။
“မိတ္ထီလာမြို့ အိမ်ခြံမြေဈေးကွက်က ၂၀၁၃ နောက်ပိုင်းမှာ သိသိသာသာ အရောင်းအဝယ် အေးလာတာပါ။ နည်းနည်းပါးပါး လုပ်ငန်းဖြစ်နေတာက လမ်းမပိုင်းတွေမှာ စီးပွားရေးလုပ်ကိုင်တဲ့ နာမည်ကြီး လုပ်ငန်းတွေ ကုမ္မဏီတွေကနေ ရုံးခွဲတွေ/ ဆိုင်ခန်းတွေ ဖွင့်ဖို့အတွက် လာပြီးဝယ်ကြတာပဲ အရောင်းအဝယ်ဖြစ်တာ များပါတယ်။ ကျွန်တော်တို့ မျှော်မှန်းတာက အစိုးရကနေပြီးတော့ အရင်ရောင်းဝယ်ခွန် ၁၅ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း အားလုံး ၁၉ ရာခိုင်နှုန်းပေါ့။ အခွန်နှုန်းတွေ များတယ်ပေါ့ဗျာ။ ခုကျတော့ အစိုးရကနေ ရောင်းသူဝယ်သူ သုံးရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်း စုစုပေါင်း ခုနှစ်ရာခိုင်နှုန်းထိချပေးပေ့မယ့် အရောင်းအဝယ်က အေးနေတုန်းပါပဲ။ အခြားမြို့က ဝယ်တယ်ဆို ဈေးနှုန်းလေးတွေ အတန်အသင့်ရပေမယ့် ကိုယ့်မြို့နယ်တွင်းကဆို တန်တယ်ဆိုရင်တောင် မဝယ်ကြတော့ပါဘူး။ တော်တော်လေး ချိုမှသာ ဝယ်ရောင်းသမားတွေက ကောက်ကြပါတယ်။ ဒီဟာတွေ အရောင်းအဝယ်ဖြစ်ဖို့က ကျွန်တော်တစ်ယောက်ထဲ အမြင်က စာရွက်စာတန်းကိစ္စတွေ ဖြေလျှော့မှု ဒီထက်ပိုလုပ်နိုင်မယ်ဆို ပိုအဆင်ပြေမယ် ထင်ပါတယ်” ဟု KTZ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း မိတ္ထီလာမြို့နယ် ရုံးခွဲ ဒုတိယဥက္ကဋ္ဌ ဦးတင့်ဇော်မှ ဆိုသည်။
“အရင်တုန်းက လမ်းမပိုင်း ဝါ/သုဘက်က နှစ်ကွက်တွဲ ဂရန်ပါပြီး အကွက်တွေ သိန်း ၁၂၀ဝ လောက်နဲ့ သိန်းထောင်ကျော် ဝန်းကျင်ဖြစ်ခဲ့တာတွေကနေ သိန်း ၈၀ဝ လောက်နဲ့ ရောင်းတာတောင် ငွေရှင်တွေက မရင်းရဲကြပါဘူး။ ဘာလို့လည်းဆိုတော့ ဘယ်အချိန်မှ ဘယ်လိုရောင်းရမှန်း မသိတဲ့အတွက် မရင်းရဲတော့တာလည်း အရောင်းအဝယ်အေးနေရခြင်း အကြောင်းအရင်းတစ်ခုပါ” ဟု ၄င်းမှ ဆက်လက်ရှင်းပြသည်။
မိတ္ထီလာမြို့တွင် အိမ်ခြံမြေ ဈေးကွက် ကျဆင်းနေပြီး အခွန်နှုန်းထား လျှော့ချပေးထားသော်လည်း အိမ်ခြံမြေ အရောင်းအဝယ်များ အေးနေကြောင်းနှင့် ဆိုင်ခန်းငှား အိမ်ခန်းငှားတို့သာ အလုပ်ဖြစ်နေပြီး အခြားမြို့ကြီးများမှ လာရောက်ဝယ်ယူမှု အလွန်နည်းပါးနေခြင်းကလည်း အရောင်းအဝယ်အေးနေခြင်း အကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


