ရန်ကုန်  ၂၉   ဖေဖော်ဝါရီ

 

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်(၉) နာရီတွင် ပဲခူးမြို့ Famous Hotel ခန်းမ၌ ကျင်းပသည်။

 

နှီးနှောဖလှယ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ချမှတ်ထားပြီး ပိုမိုထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် public private partnership လုပ်ငန်းများနှင့် ယခုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

6

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာန အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ(TVET)တွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ရှင်များ၏ Demand နှင့်ကိုက်ညီ သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချလေ့ကျင့်ရေးကို အလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့နှီးနှောဖလှယ်ပွဲသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအား ရေရှည်အကျိုးပြုသည့် လုပ်ငန်းများပူးပေါင်းအ‌ကာင်အထည်‌ဖော်‌ ဆောင်ရွက်နိုင်‌ရေးနှင့် အကြံဉာဏ်ကောင်းများရရှိနိုင်ရေး ပူးပေါင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ပဲခူးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ယာယီဉက္ကဌ ဦးမြင့်သန်းတို့ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။

 

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာနေမျိုးထွန်းက အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ယာယီဉက္ကဌ ဦးမြင့်သန်းက ဒေသအတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အတွင်း လိုအပ်နေသည့် သက်မွေးပညာဆိုင်ရာ သင်တန်းများ၊ အစိုးရမှဆောင်ရွက်ပေး နေသော နည်းပညာနှင့်သက်မွေးပညာ ဆိုင်ရာသင်တန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သည့် သင်တန်းများအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြ ကြသည်။

 

ထို့နောက် သင်တန်းများတွင် ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များဖော်ထုတ် နိုင်ရေး အဖွဲ့များအလိုက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုရလဒ်များကို တင်ပြကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က နှီးနှောဖလှယ်ပွဲမှ ရရှိလာသော ရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ် အစီအစဉ်များကို အနှစ်ချုပ်တင်ပြခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်