နေပြည်တော် ၂၉ ဖေဖော်ဝါရီ
“ပြည်ထောင်စု၏ သယံဇာတ၊ ဥပဒေနှင့်အညီ ထုတ်လုပ်ကြ” ဆောင်ပုဒ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်က ယခုဆွေးနွေးပွဲသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများတွင် လွှတ်တော် သယံဇာတကော်မတီများ၏ အခန်းကဏ္ဍတိုးမြှင့်လာစေရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပိုမိုသိရှိနိုင်စေရန်၊ သက်ဆိုင်ရာ ပြဋ္ဌာန်းပြီးဥပဒေများ၏ အကျိုးသက်ရောက်မှုများအပေါ် သုံးသပ်အကဲဖြတ် ဆန်းစစ်မှုများ ပြုလုပ်နိုင်ရန်နှင့် နိုင်ငံတော်၏ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
သဘာဝသယံဇာတများသည် စွမ်းအင်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့် အရင်းအမြစ်များဖြစ်ပြီး ယင်းသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည့်အတွက် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်လည်း အရေးကြီးလှပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုကျရောက်လာနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကို ကမ္ဘာ့နိုင်ငံအသီသီးက ဦးစားပေးအလေးထားနေကြရပါကြောင်း၊ သဘာဝ သယံဇာတ ထုတ်ယူမှုသည် တိုင်းပြည်ကို ဖွံဖြိုးတိုးတက်နိုင်စေသလို၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်သည့်အတွက် သယံဇာတထုတ်ယူမှု မစတင်မီကပင် ကြိုတင် ဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်တွင် သက်ဆိုင်ရာ ပါဝင် တက်ရောက်သူများအနေဖြင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ ဥပဒေရှုထောင့်များ၊ လွှတ်တော်သယံဇာတ ကော်မတီများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍများ၊ သတ္တုတွင်းဥပဒေ၊ ကျောက်မျက် ရတနာ ဥပဒေတို့နှင့်စပ်လျဉ်း၍ စိန်ခေါ်ချက်၊ အကြံပြုချက်များအား ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးရှိပြီး ထိရောက်သော နှီးနှောဖလှယ်ပွဲ တစ်ရပ်ဖြစ်စေရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးရသူထွန်းက သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ လွှတ်တော်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟက အမျိုးသားလွှတ်တော် သယံဇာတကော်မတီ၏ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက သတ္တုနှင့် ကျောက်မျက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှု နောက်ဆုံးအခြေအနေများ နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် “သတ္တုတွင်းဥပဒေအပေါ် အကောင်အထည်ဖော်နိုင်မှုအား ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူ အဖြစ် Myanmar Environment Institute မှ Director ဦးဝင်းနိုင်ထွန်းက ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးနေထက်ဝင်း၊ သတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးနှင့် Myanmar Environment Institute မှ Director ဦးဇော်နိုင်ဦးတို့က ဆွေးနွေးကြပြီး အခမ်းအနားတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ “ကျောက်မျက်ဥပဒေအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ် မှုများ” ခေါင်းစဉ်အား ဦးဆောင်ဆွေးနွေးသူအဖြစ် Natural Resoure Governance Institute မှ Country Manager ဦးမော်ထွန်းအောင်က ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဦး၊ မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်းဦးစီးဌာန ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သူရနှင့် ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်တို့က ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သောအချက်အလက်များအား ဥပဒေရေးရာရှုထောင့်အမြင်ဖြင့် ဥပဒေရေးရာကျွမ်းကျင်ပညာရှင် ဦးကျော်စိန်နှင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆန်းစစ်မှုအသင်း ဥက္ကဋ္ဌ ဦးအောင်နန္ဒတို့က ဆွေးနွေးအကြံပြုတင်ပြကြသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ သတ္တုနှင့်ကျောက်မျက်လုပ်ငန်းရှင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ WFD နှင့် UKaid တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်


