မန္တလေး ၂၉  ဖေဖော်ဝါရီ

 

မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ လူငယ်များ စွမ်းဆောင်ရည် မြင့်မားပြီး အချင်းချင်း တန်ဖိုးထား လေးစားတတ်စေရန်၊  ငြိမ်းချမ်းရေးအား ဖော်ဆောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ အနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်စေရန်၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့်"ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" လူငယ်နှီးနှောဖလှယ်ပွဲကို  ယနေ့နံနက် ၉နာရီက မန္တလေးမြို့၊  ၂၆x၂၇လမ်းကြား၊ ၈၃လမ်းရှိ ရတနာသိင်္ဂီဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

နှီးနှောဖလှယ်ပွဲတွင် YMCA OF Mandalay အသင်းမှ ဦးဆောင်သူ ဒေါ်စုစန္ဒီကျော်က မိတ်ဆက်စကားပြောကြားပြီး အခမ်းအနားကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်မန္တလေးတက္ကသိုလ် ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုမောင်က "လူငယ်နှင့် ကိုယ်ကျင့်တရား" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆရာ မရမ်နော်အောင် က "လူငယ်နှင့် စေတနာ့ဝန်ထမ်း" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၉ ရက် မှ မတ်လ(၁)ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲသို့  YMCA OF Mandalay အသင်းမှ တာဝန်ရှိသူများ၊ တက္ကသိုလ်/ကောလိပ်၊ လုပ်ငန်းခွင်နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)