ရန်ကုန် ၂၉ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်ဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီး (ဆင်ဖြူကျွန်း နှင့် မြေပဒေသာကျွန်း) ၌ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ ဦးဆောင်၍ ဖေဖေါ်ဝါရီ ၂၉ ရက် မှ မတ်လ ၄ ရက်နေ့ထိ ဖရဲ/သခွားမွှေး ပွဲတော် (ပထမ) အကြိမ် ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှု ဝယ်ယူသူ စည်ကားများပြားလျက်ရှိကြောင်း တွေ့ရသည်။

 

mdn

 

မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “ကျွန်တော်တို့ ဖရဲနဲ့ သခွားမွှေး စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ တင်ပို့ရောင်းချနေတာ တရုတ်နိုင်ငံဟာ အဓိကပို့ဖြစ်ပါတယ်။ ယခင် ကားအစီးရေ (၁၀ဝ၀) နီးပါး ရှိပေမယ့် ယခု ၂၀၂၀ ခုနှစ် (၁၁) လပိုင်းကစပြီး (၁၀ဝ) လောက်ပဲရှိတော့တယ်။ တင်ပို့ရောင်းချရတဲ့ တန်ချိန်တော်တော်လေးကို ကွာသွားပါတယ်။ တောင်သူတွေအနေနဲ့လည်း ကားလမ်းတွေ ပိတ်တာရယ်နဲ့ အခက်အခဲဖြစ်သွားပါတယ်။ ဖွင့်တော့လည်း မသွားရဲကြဘူး။ ဒါကြောင့် ဖရဲ/သခွားမွှေး ဈေးရောင်းပွဲတော်ကို ဆိုင်ခန်းပေါင်း (၇၀) ကျော်နဲ့ ကျင်းပဖြစ်တာပါ။ ဒီပွဲမှာ အသင့်စားသုံးနိုင်တဲ့ ဖရဲသခွာမွှေး အချောက်ကပ်၊ စည်သွတ်ဘူး၊ ဖျော်ရည်၊ ဓာတ်စာ ထုတ်လုပ်တဲ့ကုမ္ပဏီတွေ၊ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရောင်းချပေးတဲ့ အခြား ဓာထုကင်းလွတ် သြဂဲနစ် သီးနှံဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်"ဟု ပြောသည်။

 

COVIC -19 ဗိုင်းရပ်စ်ကြောင့် လက်ရှိကြုံတွေ့နေရသည့် စိုက်ပျိုးတောင်သူများ၏ အခက်အခဲများကို ဖြေလျှော့စေခြင်း၊ ခွန်အားဖြည့် မြှင့်တင်ပေးသည့် အနေဖြင့် အဆိုပါ ဖရဲ/သခွားမွှေးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး