ရန်ကုန် ၂၉ ဖေဖော်ဝါရီ
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပညာရည်ထူးချွန်ထက်မြက်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား (သတ္တမအကြိမ်မြောက်) ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘောလုံးကွင်းဝင်းအတွင်းရှိ Myanmar Sport Hotel ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ဝင်း ကနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ထောက်ပံ့လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြား သည်။
ထို့နောက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့် တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ပညာရည်ထူးချွန် ထက်မြက်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးအား ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအတွက် ငွေကျပ်သိန်း ၅၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအတွက် ငွေကျပ်သိန်း ၅၀၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၉)ဦးအတွက် ငွေကျပ် ၄၅ သိန်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးအတွက် ငွေကျပ်သိန်း ၃၀၊ ကရင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးအတွက် ငွေကျပ်သိန်း ၃၀၊ မွန်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ငါးဦးအတွက် ငွေကျပ် ၂၅ သိန်း၊ ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးအတွက် ငွေကျပ် သိန်း ၃၀၊ ကယားပြည်နယ် အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးအတွက် ငွေကျပ် သိန်း ၃၀ တို့ကို ပေးအပ်ရာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က “တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်တဲ့သူဖြစ်ပြီး ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ငွေကြေးလိုအပ်နေတဲ့သူတွေကို ထောက်ပံ့ပေးတာပါ။ သက်ဆိုင်ရာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက တစ်ဆင့် မည်သူမဆို လျှောက်ထားလို့ရပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက ညှိနှိုင်းပြီးလူရွေးပေးပါတယ်။ အခုလို ထောက်ပံ့ပေးအပ်မှုဟာ အလုံးစုံမပြည့်စုံနိုင်ပေမယ့် ပညာရေးအတွက် အထောက်အပံ့ တစ်ခုတော့ ဖြစ်မယ်လို့မြင်ပါတယ်" ဟုပြောသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို)မှ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပညာရည်ထူးချွန်ထက်မြက်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးငွေကို ၂၀၁၃ ခုနှစ်မှစတင်ပေးအပ်ခဲ့ပြီး ယနေ့ သတ္တမအကြိမ်မြောက်အထိ ထောက်ပံ့ကြေး ပေးခဲ့သောကျောင်းသား၊ ကျောင်းသူ ၆၄၃ ဦးရှိရာ ယင်းတို့အနက် ဆေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသူ ၁၆ ဦးနှင့် အင်ဂျင်နီယာကျောင်းသားများ ပါဝင်ကြောင်း သိရသည်။
အလားတူ အဆိုပါ အသင်းအနေဖြင့် အထက်မြန်မာပြည်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ယင်းကဲ့သို့ ထောက်ပံ့ပေးအပ်မှုကို ဖေဖော်ဝါရီ ၂၂ ရက်က မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


