နေပြည်တော် ၂၉ ဖေဖော်ဝါရီ

 

နွေရာသီ ကာလတွင် ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှု ပြဿနာကို နှစ်စဉ်ကြုံတွေ့လျက်ရှိရာ အဆိုပါအခက်အခဲကို လျော့နည်းသက်သာစေရန် နိုင်ငံတော်သမ္မတ အပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးလက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ပခုက္ကူမြို့နယ် ချောင်းဆုံကျေးရွာနှင့် ဆုံကုန်းကျေးရွာတို့၌ နိုင်ငံတော်သမ္မတ၏ လှူဒါန်းငွေဖြင့် စက်ရေတွင်း တူးဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသနေပြည်သူများ နှင့်တွေ့ဆုံ၍ ချောင်းဆုံ ကျေးရွာနှင့် ဆုံကုန်းကျေးရွာများသည် ရေအရင်းအမြစ်ရှားပါးသည့် ဒေသဖြစ်သည့်အတွက် ရေချိုထွက်ရှိရန် တူးဖော်ရခက်ခဲကြောင်း၊ ဒေသနေပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေ ရရှိရေးအတွက် နိုင်ငံတော်သမ္မတ၏ လှူဒါန်းငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာနှင့် လုပ်အားဒါန တို့ဖြင့် စက်ရေတွင်း၊ ရေတင်စက်၊ ရေစုကန်နှင့် အိမ်တိုင်ရာရောက် ရေသွယ်စနစ်များ ပါဝင်သည့် ကျေးရွာရေရရှိရေး လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရေတွင်းမှ ထွက်ရှိလာသောရေများ၏ ရေအရည်အသွေး ဓါတ်ခွဲစမ်းသပ်မှုနှင့် ရေစုကန်၊ ကွန်ကရစ်ရေစင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာတွင် ကျင်းပသည့် စက်ရေတွင်းနှင့် ရေတင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်အားပေးသည်။

 

အဆိုပါ စက်ရေတွင်းနှင့် ရေတင်စက်ရုံကို Halpin Group "ပညာအောင်မြေ" စာသင်ဝိုင်း တည်ထောင်သူနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ် များမှ ဆရာဆရာမများ မိတ်ဆွေမိသားစုများ၊ RC-3 မှ တပည့်များ စုပေါင်းလှူဒါန်းသည့် အလှူငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်ရေတွင်းမှာ အချင်း ၄ လက်မ၊ တွင်းတူးအနက် ပေ ၅၀ဝ ရှိကာ ရေလာလေးကျေးရွာရှိ အိမ်ထောင်စု ၁၇၃ စုမှ လူဦးရေ ၇၆၅ ဦးကို သန့်ရှင်းသော သောက်သုံးရေဖူလုံစေမည်ဖြစ်သည်။

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် မြိုင်မြို့နယ် ပေပင်တိုက်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင် ရွက်နေသည့် ၄ လက်မ၊ တွင်းတူးအနက် ပေ ၄၀ဝ ရှိ စက်ရေတွင်းနှင့် ရေတင်စက်ရုံမှ ဒေသနေ အိမ်ထောင်စု ၁၃၄ စုမှ လူဦးရေ ၇၄၇ ဦးတို့အတွက် သောက်သုံးရေအကျိုးပြုနိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် မြိုင်မြို့နယ် သစ်ကြီးတောကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် လှူဒါန်းသည့် စက်ရေတွင်း၊ ရေတင်စက်ရုံ၊ ရေစုကန်နှင့် ရေလှောင်ကန် လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် လှူဒါန်းသည့် စက်ရေတွင်းမှာ အချင်း ၄ လက်မ၊  တွင်းတူးအနက် ပေ ၇၁၀ ရှိပြီး သစ်ကြီး တောကျေးရွာနေ ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစေမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်