နေပြည်တော် ၂၉ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်းတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီမြစ်ကူးတံတား (ဗိုလ်မြတ်ထွန်း) ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တာဝန်ယူတည် ဆောက်နေသည့် ဧရာဝတီမြစ်ကျော် တာဝါတိုင် (၅) တိုင်၏ Bored Pile Foundation ဆောင်ရွက်နေမှုများနှင့် မြစ်ကျော်တာဝါတိုင် တည် ဆောက်မှုလုပ်ငန်း ၇၂ ရာခိုင်နှုန်းပြီးစီးမှုများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများ က ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း ၇၃ မိုင်အား ၂၀ဝ၅ - ၂၀ဝ၆ ဘဏ္ဍာရေး နှစ်၌ စုစုပေါင်းငွေကျပ်သန်း ၁၄၆၀ဝ ဖြင့် တည်ဆောက်ခဲ့မှု၊ စတင်တည်ဆောက်ခဲ့သည်မှ ၁၅ နှစ်တာကာလအတွင်း ဧရာဝတီမြစ်သည် မူလရေစီးကြောင်းမှ ၁ မိုင်ခန့် ပြောင်းရွှေ့လာမှု၊ ရေလမ်းကြောင်းပြောင်းလဲမှုကြောင့် ကမ်းပါးပြို၍ တာဝါတိုင်များ ထိခိုက်ပျက်စီးပြီး ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ရေလမ်းကြောင်းပြောင်းလဲမှုမရှိသည့် ဗိုလ်မြတ်ထွန်းတံတားအနီး မြစ်ကျော်တာဝါတိုင်တည်ဆောက်ရန် ရွေးချယ်ခဲ့မှု၊ ယခုတည်ဆောက်နေသော ဓာတ်အား လိုင်းအူကြောင်း (၁၇) မိုင်ခန့်အား စီမံကိန်းကုန်ကျစရိတ် ငွေကျပ်သန်းပေါင်း ၁၇၉၄၀ ခန့်ဖြင့် ပြောင်းလဲတည်ဆောက်နေမှု၊ ဓာတ်အားလိုင်း တည်ဆောက်သည့် ဧရိယာအတွင်း ကျရောက်သည့် လယ်ယာမြေများအတွက် သီးနှံလျော်ကြေးများပေးရန် ဆောင်ရွက်ထားရှိမှု၊ Normal တာဝါတိုင် ၇၂ တိုင် တည်ဆောက်ခြင်းလုပ်ငန်း ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့်ဇွန်လအတွင်း စီမံကိန်းပြီးစီးအောင် ကြိုပမ်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး အတွင်း ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေးအတွက် ယခုဓာတ်အားလိုင်းသည် အရေးပါသည့် မဟာဓာတ်အားလိုင်းဖြစ်ကြောင်း၊ မိုးတွင်းကာလ မြစ်ရေတိုက်စားပြီး ဓာတ်အားလိုင်း ပျက်စီးမှုကြောင့် ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် လုပ်ငန်းများကို မိုးမကျမီ အချိန်ကိုက်ပြီးစီးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လယ်ယာ မြေများအတွက် သီးနှံလျော်ကြေးများ ပေးအပ်ရာတွင် စနစ်တကျ စိစစ်တွက်ချက်၍ ရသင့်ရထိုက်သူများထံသို့ ဆောလျင်စွာ ပေးအပ်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီမြစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်အတွင်းရောက်ရှိနေသည့် တာဝါတိုင်အမှတ် ၁၄၈ (RCS-3)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသော Normal Tower Foundation လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ဧရာဝတီမြစ်ကျော် Bored Pile Foundation တာဝါတိုင် (၅)တိုင် တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန် - ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် လမ်းနယ်မြေ နှင့် မလွတ်ကင်းသော ၃၃ ကေဗွီဓာတ်အားလိုင်း ဝ ဒသမ ၉ မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၃ ဒသမ ၉၃ မိုင်၊ ၄၀ဝ ဗို့ဓာတ်အားလိုင်း ၁၂ ဒသမ ၄၆ မိုင်နှင့် ထရန်စဖော်မာ ၁၁ လုံးတို့ကို လမ်းနယ်နိမိတ်နှင့် လွတ်ကင်းသောနေရာသို့ အမြန်ပြောင်းရွှေ့တည်ဆောက်နိုင်ရေး မှာကြားသည်။
သတင်းစဉ်


