ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ သာရဏီယ သြဝါဒကထာ
[ ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်၊ စနေနေ့
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသောနိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အရှင်မြတ်တို့ဘုရား -
ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း တို့နှင့် ပြည့်စုံတော်မူကြလျက် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်အောင် အရှည်ခန့်၍ တည်တံ့အောင် စည်ပင်ပြန့်ပွားထွန်းကားအောင် သတိပညာ ရှေ့သွားပြု၍ ကြိုးပမ်းအားထုတ်ဆောင်ရွက်တော်မူနိုင်ကြပါစေ ဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သအပ်ပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
သုံးလောကထွတ်ထား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သံဃာတော်တို့၏အကြီးအမှူး ဖြစ်တော်မူကြကုန်သော အရှင်မဟာကဿပ မထေရ်အစရှိသည့် ရဟန္တာအရှင်မြတ်ကြီးများမှစ၍ မျက်မှောက်ခေတ် သသနာ့ဥသျှောင်မထေရ်တို့အထိခေတ်အဆက်ဆက် မဟာထေရ်တို့သည် ဆရာစဉ်ဆက် ထေရဝါဒဗုဒ္ဓအဆုံးအမကို အာစရိယဟတ္ထမုဋ္ဌိ မစွန့်မလွှတ် မလစ်ဟင်းစေမူ၍ လက်ဆင့်ကမ်း ကြိုးပမ်းအားထုတ်တော်မူလာခဲ့ကြပါ သည် ဘုရား။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း ကာလဒေသဌာန အားလျော်စွာ ၁၉၈၀ ပြည့်နှစ်မှစ၍ သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းတို့ပေါင်းရုံး ညီညွတ်မှုရရှိ၍ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို စတင်ကျင်းပနိုင် ခဲ့ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ကြိုးကြိုးစားစားအားထုတ် ဖွဲ့စည်း နိုင်ခဲ့ကြပါသည်။ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်အနေဖြင့် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသောမူနှင့်အညီ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စရပ်များကို အစဉ်တစိုက်ဆောင်ရွက်လာကြသည်မှာ ယနေ့ တိုင် နှစ်ပေါင်းရှည်ကြာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
တပည့်တော်တို့ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ကြီးသည် တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံး တို့၏ရှေ့ဆောင်ရှေ့ရွက်ပြု ရပ်တည်နေသည့် အဖွဲ့အစည်းကြီးပင် ဖြစ်ပါသည်။ “ရှေ့ဆောင်နွားလား၊ အဖြောင့်သွားက၊နောက်တသိုက်၊အဖြောင့်လိုက်၏။ ရှေ့၌ နွားမှူး၊ အဖြောင့် ကူးသော်၊ မထူးနောက်ပါ၊ နွတကာလည်းဖြေင့်စွာ မြစ်၌၊ ကူးနောက်လိုက်၏" ဟူသောဘုရားအလောင်းတော် နွားလားဥသဘ ထုံးကို နှလုံးမူ၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူ အားလုံးအား ဖြေဖြောင့်မတ်မှန်ကန်စွာ ဦးဆောင်ဦးရွက် ပြုနိုင်ရန် အထူးပင်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်ဘုရ။
ထိုသို့ ဦးဆောင်ဦးရွက်ပြုနိုင်ရန် ကြိုးပမ်းအားထုတ်ကြရာတွင် “ဧo မေဝ ခေါ် ရာဟုလ ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ကာယေန ကမ္မံ ကာတံ ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ဝါစာယ ကမ္မံ ကာတံ၊ ပစ္စဝေက္ခိတွာ ပစ္စဝေကို တွာ မနသာ ကမ္မံ ကာတဗ္ဗ”စသည်ဖြင့် မဇ္ဈိမနိကာယ် အမ္ဗလဋ္ဌိက ရာဟု လောဝါဒသုတ်၌ ဘုရားရှင် ဟောဖော်ညွှန်ကြားထားသည့်ဩဝါဒစကားတော်နှင့်အညီ မိမိတို့ဆောင်ရွက် ဆုံးဖြတ်ကြရမည့် သာသနာရေးရာ ကိစ္စ၊ ဝိနိစ္ဆယ ရေးရာကိစ္စ၊ ပညာရေးရာကိစ္စဟူသမျှတို့ကို ဓမ္မဝိနယနှင့် လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများနှင့် လည်းကောင်း၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယ လက်စွဲ၊ ညွှန်ကြားလွှာများနှင့်လည်းကောင်း ညီညွတ်မှု ရှိနိုင်သမျှရှိရလေ အောင် ဆင်ခြင်စဉ်းစားဝေဖန်သုံးသပ် ဆောင်ရွက်မိကြစေရန် အထူးအရေးကြီး လှပါသည်ဘုရား။
ယင်းသို့ ဆင်ခြင်စဉ်းစားဝေဖန်သုံးသပ်ကြသည့်အခါ ဓမ္မဝိနယ၊ လုပ်ထုံး လုပ်နည်း စသည်များနှင့် ညီညွတ်မှုမရှိပါက မပြုလုပ် မဆောင်ရွက်ရသေးသော ကိစ္စဖြစ်လျှင် မပြုလုပ်မဆောင်ရွက်ဘဲ ရှောင်ကြဉ် နိုင်ကြမည်ဖြစ်ပါ သည်ဘုရား၊ ပြုလုပ်ဆဲကိစ္စဖြစ်ပါက ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ ရပ်စဲထားနိုင်မည်ဖြစ်ပါသည်ဘုရား။ ပြုလုပ်ဆောင်ရွက်ပြီး ဆုံးဖြတ်ပြီးကိစ္စ ဖြစ်ပါက ဓမ္မဝိနယ၊ လုပ်ထုံးလုပ်နည်း စသည်များနှင့်အညီ အမှန်တရားဘက် သို့ ပြန်လည်တည့်မတ်ပေးနိုင်ရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပေးနိုင်မည် ဖြစ်ပါသည် ဘုရား။ သို့မှသော တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးအနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းရှင်လူပြည်သူတို့၏ ယုံကြည် ကိုးစားအားထားမှုကိုရရှိပြီး ဦးဆောင်ဦးရွက်ပြုနိုင်သည့် အဖွဲ့အစည်းကြီး ဖြစ်လာနိုင်ကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
“သံဃာအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်တော်မူ ကြရသော သံဃနာယကဆရာတော်များ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ကို စီရင်ဆုံးဖြတ်တော်မူကြရသော ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်လိမ္မာစွာ တာဝန်ထမ်းဆောင်နိုင်ကြစေရန်” ဟူသော ရည်ရွယ်ချက်ဖြင့် သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယင်းသို့ ဖွင့်လှစ်နိုင်ရေးအတွက် ( ၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့(၃-၃-၂၀၁၇)တွင် ကျင်းပသော သတ္တမ အကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်း အဝေးက “သံဃနာယက နှင့် ဝိနည်းဓိုရ် ဗဟိုအဆင့် မွမ်းမံသင်တန်းကို ၃ နှစ် လျှင် ၁ ကြိမ် ကျင်းပရန်” ဟူသော မူကို ချမှတ်နိုင်ခဲ့ပါသည်ဘုရား။
ယင်းဆုံးဖြတ်ချက်နှင့်အညီ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်း များ ကျွမ်းကျင်ကြစေရန် ဗဟိုအဆင့် မွမ်းမံသင်တန်းပြီးဆုံးပြီးနောက် မိမိတို့ နယ်မြေအခြေခံဒေသများတွင် ဆင့်ပွားသင်တန်းများ ထပ်ဆင့်ပို့ချနိုင်ရေး ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်ဘုရား။
ထိုသို့ အဆင့်ဆင့်သင်တန်းများပို့ချခြင်းကြောင့် မြို့နယ်သံဃနာယက အဖွဲ့မှမြို့နယ် သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုများအပါအဝင် သံဃဝိနိစ္ဆယလုပ်ငန်းများသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း၊ ဝိနိစ္ဆယ လက်စွဲ၊ ညွှန်ကြားလွှာ (၇၅) ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးများနှင့် ညီညွတ်မှု ရှိ-မရှိကို တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့တို့မှ စိစစ်ဆောင်ရွက်ခြင်း ကိစ္စရပ်များ၌ အထောက်အကူဖြစ်စေမည့်အပြင် အဖွဲ့အစည်း တာဝန်ကို ပြောင်းလဲထမ်းဆောင်ကြသည့် သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ် ဆရာတော်များ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်လာမည်ဖြစ်ပါသည် ဘုရား။ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက် ကြသည့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ကိစ္စအဝဝကို ဆောင်ရွက်ကြရာတွင် နိုင်ငံတော်သံဃမဟာ နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်တို့သာ လုပ်ထုံးလုပ်နည်းများ ကျွမ်းဝင်ကျေလည်နေရုံ သာမကအောက်ခြေ အဆင့်သံဃနာယကအဖွဲ့များ၊ ဝိနည်းဓိုရ်ဆရာတော်များ အားလုံးပင် ကျွမ်းဝင် ကျေလည်နေရန်လည်း လိုအပ်ပါကြောင်းလျှောက်ထား လိုပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
ဝေနေယျသတ္တဝါအများ၏ စီးပွားချမ်းသာအလို့ငှာ မြတ်စွာဘုရားသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို ကရုဏာရှေ့ ထား၍ ပေးသနားတော်မူခဲ့ရာ ယင်းသာသနာတော်သုံးရပ် တည်တံ့ရေး၏ အခြေခံမူလဘူတသည် ပရိယတ္တိသာသနာတော်ပင်ဖြစ်ပါသည်ဘုရား။ ထိုပရိ ယတ္တိသာသနာ တော်မြတ် သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းကားရေးကို ရှေးရှု၍ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၊ အစိုးရဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ စသောစာမေးပွဲများကို သက်ဆိုင်ရာစာ မေးပွဲစည်းမျဉ်းများနှင့် အညီ နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပ ပေးလျက်ရှိပါသည်ဘုရား။ ထိုသို့ကျင်းပလျက်ရှိသော စာမေးပွဲများ သန့်ရှင်းအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ၁၃၄၁ ခုနှစ်၊ တပို့တွဲလပြည့် ကျော် ၇ ရက်နေ့(၂၆-၂-၁၉၈၁)တွင် ညွှန်ကြားလွှာအမှတ်(၂၀) ကို လည်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်ဘုရား။
ညွှန်ကြားလွှာအမှတ် (၂၀)အပိုဒ် (၄)တွင် “ဤကဲ့သို့ စာမေးပွဲမသမာမှု များ ရှိနေခြင်းသည် ဝိနည်းသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ခြိမ်းခြောက်လျက်ရှိသော အန္တရာယ်ဆိုးကြီးပင် ဖြစ်ပေသည်။ အများ၏ အကြည် ညိုခံ၊ အရှိခိုးခံ၊ အပူဇော်ခံ ရဟန်းဘဝ၏ ဂုဏ်သိက္ခာများနှင့်လည်း များစွာမလျော်ကန်သောအမှု ဖြစ်ပေသည်။ စာမေးပွဲမသမာမှုသည် သကျပုတ္တ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတော်များ မဆိုထားဘိ၊ သာမန် လူဝတ်ကြောင်များသည်ပင် မလုပ်ထိုက်သော မလုပ်ရသော အပြုအမူမျိုးဖြစ် ပေသည်” ဟု သတိပေးထုတ်ပြန်ခဲ့ပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်အရှင်သူမြတ်တို့ဘုရား
၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်နေ့ (၂၂-၁၁-၂၀၁၉) တွင် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယ အစည်းအဝေးကလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး | ဗဟိုအဖွဲ့ဝင် ဆရာတော်များနှင့် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော် များအား သြဝါဒပေးတော်မူပါရန် တင်ပြခြင်းကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်း စီမံချက်ကိုအတည်ပြု၍ လုပ်ငန်းကိစ္စများအကောင်အထည်ဖော် ဆောင်ရွက် ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ပရိယတ္တိသာသနာတော် သန့်ရှင်းရေးကိစ္စများကို တက်တက်ကြွကြွ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း လျှောက်ထားလိုပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်အရှင်သူမြတ်တို့ဘုရား
နိဂုံးချုပ်အားဖြင့် လျှောက်ထားလိုသည်မှာ ဆရာတော်အရှင်မြတ်တို့ အနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စများ ဖြစ်သည့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စအဝဝတို့ကို ဆောင်ရွက်ကြ ရာ၌ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်တော်လာ ဘုရားရှင်၏ မိန့်မှာတော်မူ ချက်နှင့်အညီ “သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်၍ ကိုယ်ဖြင့်ပြုအပ်သော သာသနာ ရေးကိစ္စအဝဝကို ဆောင်ရွက်တော်မူကြပါ၊ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်၍ နှုတ် ဖြင့် ပြုအပ်သော သာသနာရေးကိစ္စအဝဝကို ဆောင်ရွက်တော်မူကြပါ။ သတိ သမ္ပဇဉ်ဖြင့် ဆင်ခြင်၍ စိတ်နှလုံးဖြင့်ပြုသင့်သော သာသနာရေးကိစ္စအဝဝကို ဆောင်ရွက်တော်မူကြပါ” ဟု တိုက်တွန်းရင်း ဘုရားတပည့်တော်၏ သြဝါဒ ကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။


