မုံရွာ ၁ မတ်
ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ဟင်းသီးဟင်းရွက်နှင့် အစားအစာဈေးကွက်တစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဖြစ်ပေါ်လာရေး လုပ်ဆောင်လျက်ရှိကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အစားအစာအဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရရရှိစေနိုင်မည့် (Food safety Market)ဈေးကွက်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများ ပူးပေါင်းကာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူပေါင်းပြီးတော့ (Food safety Market) အဆိပ်သင့်မှုအနည်းဆုံးနှင့် အာဟာရရှိစေနိုင်မယ့် ဈေးကွက်တစ်ခုဖော်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ အခုစိုက်ပျိုးရေးဦးစီးဌာနက တောင်သူတွေကို ကျေးရွာအရောက် ကွင်းဆင်းပြီးတော့ စည်းရုံးဆောင်ရွက်နေတယ်၊ အခုလုပ်ဆောင်မယ့် အစီအစဉ်မှာ ပါဝင်မယ့်ကျေးရွာတွေက ရေမြေအခြေအနေလည်း ပေးနေတယ်၊ ဝင်ငွေရတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူတွေလည်း အသင့်ရှိနေတာဖြစ်တဲ့အတွက် လုံခြုံစိတ်မှုဖြစ်စေတဲ့ သွင်းအားစုတွေ၊ ဓာတုပိုးသတ်ဆေးတွေရဲ့ ဓာတ်ကြွင်းတွေမကျန်အောင် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်ကိုသာ တင်ပို့ရောင်းချမယ်ဆိုရင် မြို့နဲ့လည်း အလှမ်းမဝေးတဲ့နေရာဖြစ်တဲ့အတွက် အခြားကျေးရွာတွေလည်း လိုက်ပါဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။
အစားအစာအဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရရရှိစေနိုင်မည့် (Food safety Market) ဈေးကွက် အဖြစ် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် ဟင်းသီးဟင်းရွက် ၂၂ မျိုးကို တောင်သူ ၂၅ ဦးမှ ၃၅ ဒသမ ၃၅ ဧကတွင် လည်းကောင်း၊ တောင်သူ ၁၂ ဦးမှ ပဲတီစိမ်းသီးနှံကို ဧက ၅၀ တွင်လည်းကောင်း၊ တောင်သူ ၇ ဦးမှ ၂၅ ဧကတွင်လည်းကောင်း၊ သရက်သီးနှံကို ၅ ဧကတွင် တောင်သူတစ်ဦး ကလည်းကောင်း စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


