နေပြည်တော် ၁ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် လမ်းစခန်းရှင်းလင်းဆောင်၌ ဧရာဝတီတိုင်းဒေသကြီး လမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရန်နိုင်ဇော်နှင့် တာဝန်ရှိသူများက ရန်ကုန် - ပုသိမ်လမ်း၏ ဧရာဝတီတိုင်းဒေသကြီးအပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လမ်းအရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအပိုင်း လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်းနှင့် တံတားငယ်များ တိုးချဲ့ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန် - ပုသိမ် လမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မည်ဖြစ်ပြီး ယခုလုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီး) အပိုင်း မိုင်တိုင် (၃၃/၀) နှင့် (၃၃/၁) ကြားတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရန်ကုန် - ပုသိမ်လမ်းမကြီး နှင့် ချိတ်ဆက်သည့် ပန်းတနော်မြို့နယ် အင်းမ - အင်းတကော - ခရေကန် ကျေးလက်လမ်းပေါ်၌ အရှည်ပေ ၁၈၀ ရှိ ကျုံခရင်တံတားအား ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဉီးစီးဌာနက တာဝန်ယူ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တံတားဉီးစီးဌာန တံတားအထူးအဖွဲ့ (၁၆) မှ တည်ဆောက်နေသော ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးလုပ်ငန်းခွင်၏ ပုသိမ်ဘက်ခြမ်း၌ ဆောင်ရွက်ပြီးစီးသည့် ချဉ်းကပ်တံတားပေါ်မှ ရေလည်တိုင် RP 1 နှင့် RP 2 ကြား သံပေါင်ခုံး တပ်ဆင်ပြီးစီးမှု၊ RP 2 နှင့် RP 3 ကြား ဆက်လက်တပ်ဆင်ရန် သံပေါင်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၆) မှ စီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သစ်သစ်အောင်က တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ရေလယ်သံပေါင်ခုံး တပ်ဆင်ခြင်း လုပ်ငန်းအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ ရေလယ် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ရေလမ်းကြောင်းသွား ရေယာဉ်များ အန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ယခုအခါ ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် တံတားတစ်စင်းလုံး၏ ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ ပုသိမ်တံတားအမှတ် (၂)သည် ငဝန်မြစ်ကို ဖြတ်ကျော်ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ် အနောက်ဖက်ကမ်း စိန်ကုန်းလူနေရပ်ကွက်များကို တိုက်ရိုက်ဆက်သွယ် တည်ဆောက်ထားပြီး စုစုပေါင်း တံတားအရှည်ပေ ၂၃၈၀၊ ယာဉ်သွား လမ်းကျယ် (၂၈) ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၅) ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် (၄၁၆) ပေနှင့် အမြင့်ပေ (၆၀) ရှိ၍ သံမဏိသံပေါင်ခုံးတံတား အမျိုးအစား ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


