ပုသိမ် ၁ မတ်
မတ် ၂ ရက်တွင်ကျင်းပမည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူ အသိ ပညာပေး ပြခန်းများဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစန်းဋ္ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပြခန်းများတွင် တောင်သူလယ်သမားများ အသိပညာ ဗဟုသုတအတွက် များစွာအကျိုးရှိစေမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပေးပြခန်း၊ ပုသိမ်မြို့နယ် မြန်မာ ဆယ်မာအူးလ်အွန်ဒုန် စီမံကိန်းကျေးရွာများ ထုတ်ကုန်ပြခန်း၊ ကန်ကြီးထောင့်မြို့နယ် SMU စီမံကိန်း၏ ဝင်ငွေတိုးပွားရေး အစုအဖွဲ့လုပ်ငန်းများ ဆောင်ရွက်မှုပြခန်း၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနပြခန်း၊ စားသုံးသူရေးရာ ဦးစီးဌာန ပြခန်း၊စက်မှုလယ်ယာ ဦးစီးဌာနပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပြခန်း၊ သမဝါယမပြခန်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ပြခန်းများကို ဖွင့်လှစ်ထားသည်။
ထို့ပြင် မြေအလဟသမဖြစ်စေရန်နှင့် အဓိကအခြေခံကျသည့် ပတ်ဝန်းကျင်နှင့် စိုက်ပျိုး သီးနှံများ သဟဇာတဖြစ်အောင် မြေဆီလွှာထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို တောင်သူများ သိရှိပြီးဆောင်ရွက်နိုင်စေရန် လူနေထိုင်မှုနှင့်အတူ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ယှဉ်တွဲလုပ်ကိုင်နိုင်သည့် ဖိုးတောင်သူတဲ ( Home Garden) ကို ထူးထူးခြားခြား ပြသထားသည်။
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း က'' တောင်သူတွေအတွက် ဒီအခမ်းအနားကို လုပ်ပေးတာပါ။ စိုက်ပျိုးရေး တင်မဟုတ်ဘူး။ မွေးမြူရေးကဏ္ဍရော သား၊ငါးကဏ္ဍရော သစ်တောကဏ္ဍရော စက်ကိရိယာ ကဏ္ဍတွေရော ရောက်တုန်းရောက်ခိုက်မှာ အကျိုးရှိအောင် ပြည့်ပြည့်စုံစုံ လေ့လာ စေချင်ပါတယ် '' ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမျိုးဇော် က '' ပြခန်းမှာပြထားတဲ့ သီးနှံတွေက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံ တွေကို ပြသထားပါတယ်။ ဖိုးတောင်သူတဲ လို့အမည်ပေးထားတဲ့ Home Garden ပြခန်းကို တော့ သီးနှံ ဖူး၊ပွင့်ချိန်နဲ့ကိုက်ညီအောင် နှစ်လလောက် ပြင်ဆင်ပြီး တောင်သူတွေလည်း တစ်ကယ်လုပ်ချင်အောင် ဆောင်ရွက်ထားတာပါ။
ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးက လယ်ကို အဓိကထားပြီး စိုက်ပျိုးတဲ့ တိုင်းဒေသကြီး ဖြစ်တဲ့အတွက် ပြခန်းဝင်ရောက် ပြသထားပါတယ်။ အဓိက မျိုးစေ့ထုတ်လုပ်ရေး လုပ်ငန်းပါ။ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ဖို့အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး သီးနှံပြခန်းအနေနဲ့ ပြသထားပါတယ်။ ပိုးမွှားရောဂါတွေနဲ့ပတ်သက်ပြီး တောင်သူတွေကို ပညာပေးတဲ့အနေနဲ့ သိသင့် သိထိုက်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေထားပါတယ် '' ဟု ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာန ပြခန်းမှ ဦးဖုန်းမော် က " ဒီနေ့ ပြခန်းမှာဆိုရင် ရေချိုရေငန် ငါးဖမ်းကိရိယာတွေ၊လှေတွေ၊ ကျားဖောင်တွေပြထားတယ်၊ ထိန်းသိမ်းထားတဲ့ ရှားပါး ပင်လယ်လိပ်တွေ၊ ငါးမျိုးစိတ်တွေ၊ ကဏန်းတွေ၊ သံပခြုပ်တွေပါတယ်။ ပင်လယ်လိပ်ဆိုရင် မျိုးသုဉ်းတဲ့ အဆင့်တောင် ရောက်တော့မယ်။ တော်တော်လေး အရေအတွက် နည်းလာပြီ။ တစ်ကမ္ဘာလုံးမှာ လိပ်မျိုးစိတ် (၇) မျိုးရှိတယ်။ မြန်မာနိုင်ငံမှာ ၅ မျိုးရှိတယ်။ ငါးမျိုးထဲမှာမှ သမီးလှကျွန်းမှာလာပြီး ဥချထားတဲ့ လိပ်ကို ဒီပွဲမှာပြသထားတာပါ" ဟု ပြောသည်။
ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီများမှလည်း နည်းပညာမြင့်အဆင့်မီ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ၊ ဆေးဖြန်း ဒရုန်းများ၊ မျိုးစေ့များ ၊ ဓာတ်မြေ ဩဇာများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးပစ္စည်းများကို အစုံအလင် ပါဝင်ပြသထားသည်။
လယ်ယာသုံးပစ္စည်းများရောင်းချသည့် CAPITAL AUTOMOTIVE ပြခန်းမှ ကိုကျော်ဝင်းထိုက်က '' အဓိက အရည်အသွေးပိုကောင်းတဲ့ လယ်ယာသုံး စက်ကိရိယာတွေကို လယ်သမားတွေ သိသွားအောင်လို့ ဒီပွဲမှာ ဝင်ရောက်ပြသတာပါ။ ပစ္စည်းတွေ ရောင်းချပေးတဲ့ နေရာမှာ အရစ်ကျစနစ် ၂ မျိုးနဲ့ ရောင်းပေးပါတယ်။ ၂၀ ရာခိုင်နှုန်း လက်ငင်းငွေချေပြီး ကျန်တာကို ၆ လ တစ်ဖြတ်သုံးနှစ်နဲ့ ရောင်းပေးတာရှိသလို နောက် တစ်မျိုးက မြန်မာ့စိုက်ပျိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ ရောင်းပေးတာရှိပါတယ်။ ဒီစက်ကိရိယာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေကို ဒီစက်ပစ္စည်း ထိန်သိမ်းပုံ ထိန်းသိမ်းနည်းတွေကိုလည်း သင်ကြားပြသပေးပါတယ် ''ဟု ပြောသည်။
ကန်ကြီး ထောင့်မြို့နယ်မှ မျိုးထုတ်တောင်သူ ဦးသိန်းစိုးက '' ဒီနေ့ပြသထားတဲ့ ဖိုးတောင်သူတဲဆိုရင် လယ်သမားတိုင်းလုပ်သင့်တယ်။ ကိုယ့်အိမ် ခြံဝင်းထဲမှာ စိုက်ပျိုးမယ် ဆိုရင် တစ်ဖက်တစ်လမ်းက ဝင်ငွေရတာပေါ့။ လုပ်လည်း လုပ်သင့်တဲ့အလုပ်ပါ။ ပြခန်းမှာ သိရတဲ့ အာမခံလုပ်ငန်းအကြောင်းကိုတော့ တော်တော်လေးသဘောကျတယ်၊ ဒီပွဲမှာ ဌာနဆိုင်ရာတွေနဲ့ရော ကုမ္ပဏီတွေနဲ့ရော ချိတ်ဆက်မိသွားတယ်၊ အခုလို ပြည့်ပြည့်စုံစုံလည်း ပြသထားတဲ့အတွက် ဗဟုသုတလည်းရတယ်။ တောင်သူတွေ အကျိုးလည်း ရှိပါတယ် ''ဟု ပြောသည်။
ယနေ့တောင်သူ အသိပညာပေး ပြပွဲအခမ်းအနားတွင် စိုက်ပျိုးပြသထားသည့် ပန်းရောင်စုံ စိုက်ခင်းများ၊ ဖိုးတောင်သူတဲ (Home Garden) အတွင်း စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများ၊ ကြက်၊ ငါး တစ်နိုင်တစ်ပိုင် မွေးမြူထားရှိမှုများ ၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနများမှ ဖွင့်လှစ်ပြသထားသည့် ပြခန်းများနှင့် ကုမ္ပဏီများမှ ပြသထားသည့် ပြခန်းများအား ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တက်ရောက်လာသူများက လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
သတင်း-သီသီမင်း၊မင်းသစ်
ဓာတ်ပုံ-နေလင်း


