လွိုင်ကော်   ၂ မတ်

 

မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကယားပြည်နယ်အသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ နောင်းယားကန်သာအနီးရှိ YGN FOOD HOUSE  ခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် က မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံဖြစ်သည့်နှင့်အညီ မူပိုင်ခွင့်ဥပဒေများ လိုက်နာခြင်းမှာ အားနည်းနေသည့်အတွက် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး ပညာပေးဆွေးနွေးပွဲများကို လူထုအလွှာကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာဖြစ်သလို မူပိုင်ခွင့်ကိုအသုံးချပြီး ဒေသထုတ်ကုန် အရင်းအမြစ်တွေကို ပထဝီဆိုင်ရာ အညွှန်းရရှိနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ က မူပိုင်ခွင့်အသင်းခွဲ ဖွဲ့စည်းရာတွင် ဒေသခံများရဲ့ ရိုးရာ ကိုထည့်သွင်းစေလိုကြောင်း အမှာစကား​ပြောကြားပြီး  MIPPA ဥက္ကဌ ဦးကျော်ကျော်ဝင်း က မြန်မာနိုင်ငံမူပိုင်းခွင့် နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုင်းသွယ်က မူပိုင်ခွင့်ဥပဒေများနှင့် အကောင်အထည်ဖော်မှု အခြေအနေအကြောင်းကို လည်းကောင်း၊ MIPPA  အလုပ်အမှုဆောင် ဦးသန်းမောင် က မူပိုင်ခွင့်ဥပဒေရေးရာ အခြေခံ သိမှတ်စရာများနှင့် ပတ်သက်သည့်အကြောင်းကိုလည်းကောင်း၊ MIPPA ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က အောင်မြင်သောလုပ်ငန်း ရှင်သန်သော ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ MIPPA ဒုဥက္ကဋ္ဌ ဒေါ်ဆွေဇင်ထိုက်က မူပိုင်ခွင့်နှင့် မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေးအကြောင်းအရာနှင့် ပတ်သက်၍ လည်းကောင်း၊ အသိဉာဏ်ပစ္စည်းနှင့် ပိုင်ဆိုင်သူများ အကြောင်းအရာအား  MIPPA အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်ဦး က လည်းကောင်း၊ ပြုစုပျိုးထောင် ခေတ်သစ်လူ့ဘောင် အကြောင်းအရာအား MIPPA အလုပ်အမှုဆောင် ဦးမင်းသူ တို့က အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားတွင် ဆွေးနွေးဟောပြောချက်များနှင့် ပတ်သက်ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

 

အဆိုပါ အခမ်းအနားသည် ကယားပြည်နယ်အတွင်းရှိ MSME  များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်း စတင်တည်ထောင်လိုသူများ၊ ဥပဒေအကျိုးဆောင်များ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ရေးရာ စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပြီး တစ်ရက်တာ မိတ်ဆက်ရှင်းလင်းခြင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထွန်လေး