မြိတ်  ၂ မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ခန့်သက်တမ်းရှိကာ တိမ်ကောလျက်ရှိနေသည့် အေးမြကန်သာမင်္ဂလာ ဘေးမဲ့ကန်တော်ကြီး ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မတ် ၁ ရက်မှစတင်ကာ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ဒီ ရှေးဟောင်းမင်္ဂလာကန်တော်ကြီးက တိမ်ကောလာခဲ့တာဟာ ဆယ်စုနှစ်မက ရှိခဲ့ပြီး၊ ရေကန်အတွင်းနဲ့ အနီးအနားမှာ လာရောက်ကျက်စားနေတဲ့ ဆောင်းခိုငှက်၊ ဗျိုင်း၊ ဒင်ကြီး စသည့် ငှက်များနှင့် အခြားငှက်မျိုးစိတ် ပေါင်းများစွာလည်း ရှိနေတယ်၊ ဒီအတိုင်းမပြုပြင်ပဲ ဆက်ပြီးထားရင် ဘိုးဘွား၊ မိဘများ အဆက်ဆက်က ရှိနေခဲ့တဲ့ ဒီရှေးဟောင်းအမွေအနှစ် ကန်တော်ကြီးတိမ်ကောပပျောက်သွားမှာကို စိုးရိမ်လို့ ယခုလို ပြန်လည် ပြုပြင်ထိန်းသိမ်း ချင်တဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ် " ဟု သံသရာအေးကျောင်းဆရာတော်က မိန့်ကြားသည်။

 

အဆိုပါ ရှေးဟောင်းကန်တော်ကြီးကို မြိတ်မြို့ ကန်သာပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်နှင့် သံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်တို့မှ ဦးဆောင်လမ်းညွှန်မိန်ကြားမှုဖြင့် အလှူရှင်များ ပူးပေါင်းမတည် ထည့်ဝင်ငွေများဖြင့် ကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီး ပြန်လည်တူးဖော်ခြင်းဖြစ်သည်။

 

အဆိုပါ ရှေးဟောင်းမင်္ဂလာရေကန်တော်ကြီး၏ အကျယ်အဝန်းဧရိယာသည့် ၁၁ ဧကခန့်ရှိပြီး ရေကန်ပတ်လည် အရှည် ၂၈၉၄ ပေခန့်ရှိကာ ယခုပြန်လည်တူးဖော်ရာတွင် အနက် ပေ ၅ ပေ၊ ကန်ဘောင်အကျယ် ၁၅ ပေနှင့် ကန်ဘောင်၏ လက်ရှိထက်အမြင့် ၃ ပေခန့်ကို အမြင့်မြေဖို့သွားမည်ဖြစ်သည်။

 

ထို့ပြင် ကန်တော်အတွင်း၌ ရေလယ်ကျွန်း တစ်ခုနှင့်တစ်ခု ပေ ၁၀၀ ခန့်အကွာ ရေလယ်ကျွန်း နှစ်ကျွန်းကို တည်ဆောက်တူးဖော်သွားမည်ဖြစ်ပြီး ရေလျှံမှုမရှိစေရန်အတွက် ရေထွက်ပေါက်နှစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ကာ ကန်တော်ကြီး ပြန်လည်တူးဖော်မှုလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျမှုမှာ ငွေကျပ် ၄၅၀ သိန်းခန့် ခန့်မှန်းထားကြောင်း ရှေးဟောင်းကန်တော်ကြီးတူးဖော်ရေးကော်မတီမှ​ သိရသည်။

 

လှူဒါန်းလိုသူများအနေဖြင့် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပြီး သံသရာအေးဆရာတော် ဖုန်း ၀၉ ၄၅၁၂၂၁၃၁၇ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

 

မြင့်ဦး(မြိတ်)